mdn

၂၀ ဇွန်

 

မက္ကဆီကို နိုင်ငံရဲ့ မြို့တော် မက္ကဆီကို စီးတီးမှာ ရှိတဲ့ စီးပွားရေးလုပ်ငန်းတွေ ပြန်လည် လည်ပတ်ရန် သီတင်းတစ်ပတ်နောက်ဆုတ်လိုက်ကြောင်း၊ လုပ်ငန်းလည်ပတ်မှုကို နောက်ဆုတ်လိုက်ခြင်းအားဖြင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်မှုကျဆင်းသွားဖို့ အချိန်ပေးလိုက်သလိုဖြစ်ကြောင်း တာဝန်ရှိသူတွေက သောကြာနေ့က ကြောညာလိုက်ပါတယ်။

 

မက္ကဆီကို စီးတီးမြို့တော်ဝန် ကလော်ဒီ ရှိန်ဘူးက မီးပွိုင်ကို ဉပမာပေးပြီး မြို့တော်ဟာလာမယ့်သီတင်းပတ်အထိ မီးနီပြခြင်းခံနေရဆဲဖြစ်တယ်။ ဗိုင်းရပ်စ်ပိုးကူးစက်မှုကို လျော့နည်းသွားအောင် အချိန်စောင့်ရအုံးမယ်လို့ ပြောကြားသွားပါတယ်။

 

မြို့တော်ရှိ ဈေးတွေ၊ စားသောက်ဆိုင်တွေ၊ ဈေးဝယ်စင်တာတွေ၊ ဟိုတယ်တွေနဲ့ ဘုရားဝတ်ပြုမယ့်နေရာတွေပါ ဆက်လက်ပိတ်ထားမှာဖြစ်ပါတယ်။

 

ဒါပေမယ့် ကားထုတ်လုပ်ရေးလုပ်ငန်း၊ မိုင်းလုပ်ငန်း၊  ဆောက်လုပ်ရေးလုပ်ငန်း နဲ့ ဘီယာထုတ်လုပ်ရေးလုပ်ငန်းတွေက တော့ ဆက်လက် လည်ပတ်နိုင်ကြောင်း သိရပါတယ်။

 

မက္ကဆီကို စီးတီးမှာ လူပေါင်း ၉ သန်းနေထိုင်ကြောင်း သိရပါတယ်။ သောကြာနေ့ကလူပေါင်း ၄,၂၀၀ဦး ဟာ ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့်ဆေးရုံတက်ရောက်ကုသခံယူခဲ့ရတဲ့အတွက် ဆေးရုံရဲ့ ၆၅ ရာခိုင်နှုန်းဟာ လူနာတွေနဲ့ ပြည့်သွားကြောင်း မြို့တော်ဝန်က ပြောပါတယ်။

 

 

လူဦးရေ ၁၂၇ သန်းနေထိုင်တဲ့ မက္ကဆီနိုင်ငံမှာ ကြာသပတေးနေ့က ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ၅,၆၀၀ ဦးကျော် ရှိတဲ့အတွက် ကူးစက်ခံရသူ စုစုပေါင်း ၁၆၅,၀၀၀ ဦးနဲ့ သေဆုံးသူ ၁၉,၇၀၀ ဦးရှိကြောင်း ကြာသပတေးနေ့ ထုတ်ပြန်တဲ့စာရင်း မှ သိရပါတယ်။

 

မက္ကဆီကိုစီးတီးမှာ ဗိုင်းရပ်စ်ပိုးကြောင့်  လူပေါင်း ၅,၀၀၀ ကျော် သေဆုံးပြီး ၄၀,၀၀၀ ဦးမှာ ရောဂါပိုးတွေ့ရှိရတဲ့အတွက် ဗိုင်းရပ်စ်ပိုးဒဏ်အဆိုးဆုံးခံရတဲ့ မြို့ဖြစ်ပါတယ်။

 

ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် နိုင်ငံရဲ့ကုန်ထုတ်လုပ်မှုတွေ ရပ်ဆိုင်းခဲ့ရတဲ့အတွက် ၂၀၁၉ ခုနှစ် ဧပြီလနဲ့ နှိုင်းယှဉ်ရင် ၂၀၂၀ ဧပြီလဟာ ၃၀ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရပါတယ်။

 

နိုင်ငံ့စီးပွားရေးမှာ ၈.၈ ရာခိုင်နှုန်း ၂၀၂၀ ခုနှစ်အတွင်းမှာ ကျဆင်းနိုင်ကြောင်း မက္ကဆီကို ဗဟိုဘဏ်က ခန့်မှန်းထားပါတယ်။

 

MDN

ကိုးကား - AFP