မတ် ၁၀
မက္ကဆီကိုအလယ်ပိုင်း ပူဘလာပြည်နယ် အတ်တလစ်ကိုမြို့ရှိ လူနေအိမ်တစ်လုံးတွင် ယမန်နေ့မနက်စောပိုင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ အမျိုးသမီးသုံးဦးအပါအဝင် ကိုးဦးသေဆုံးခဲ့သည်ဟု ပြည်နယ်အာဏာပိုင်များက အတည်ပြုပြောကြားသည်။
ထိုပစ်ခတ်မှုမှ အသက်ရှင်ကျန်ရစ်သူတစ်ဦးသည် ဦးခေါင်း၊ ခြေထောက်နှင့်ပခုံးတို့ထိမှန်ခဲ့သဖြင့် အခြေအနေစိုးရိမ်ရကြောင်း ပူဘလာရှေ့နေချုပ်ရုံး၏ ပြောကြားချက်အရ သိရသည်။
အဆိုပါပစ်ခတ်မှုသည် အုပ်စုဖွဲ့အကြမ်းဖက်ခြင်းကို ညွှန်ပြခြင်းဖြစ်သည်ဟု ထိုပြည်နယ်အုပ်ချုပ်ရေးမှူး မီဂူရယ်ဘာဘိုစာက သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။
ကနဦးစုံစမ်းစစ်ဆေးချက်အရ ယင်းပစ်ခတ်ခံရသည့်နေအိမ်သည် မူးယစ်ဆေးဝါးများကို ဖြန့်ဖြူးရောင်းချသည့်နေရာ ဖြစ်သည်ဟု ၎င်းကဆိုသည်။
ထိုပစ်ခတ်မှုမှသေဆုံးသူများကို မည်သူမည်ဝါဖြစ်ကြောင်း ဖော်ထုတ်နိုင်ခြင်းမရှိသေးသော်လည်း ၎င်းတို့သည် အတ်တလစ်ကို သို့မဟုတ် ပူဘလာမှမဟုတ်ကြောင်း ဘာဘိုစာက ပြောသည်။
ယင်းပစ်ခတ်မှုပြီးနောက်တွင် ဗဟိုအစိုးရ၊ နယ်မြေနှင့်ဒေသခံအာဏာပိုင်များသည် ပူးတွဲစစ်ဆင်ရေးတစ်ခု စတင်ဆောင်ရွက်ခဲ့သည်ဟု ဘာဘိုစာက လူမှုမီဒီယာကတစ်ဆင့်ပြောကြားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို