၂၀ နိုဝင်ဘာ
မက္ကဆီကို နိုင်ငံဟာ ကိုရိုနာ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ၁ သိန်းကျော် ရှိလာတဲ့ စတုတ္ထမြောက် နိုင်ငံ ဖြစ်လာကြောင်း သိရပါတယ်။
ကျန်းမာရေးဝန်ကြီးက Covid-19 ရောဂါပိုးကြောင့် အသက်ဆုံးရှုံးသူ ၁၀၀,၀၀၀ ကျော်ရှိကြောင်း ကြာသပတေးနေ့မှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားပါတယ်။
လူဦးရေ ၁၂၈ သန်းကျော် နေထိုင်တဲ့ မက္ကဆီကို နိုင်ငံမှာ ၂၄ နာရီအတွင်း ပိုးတွေ့ရှိသူ ၄,၄၇၂ ဦးနဲ့ သေဆုံးသူ ၅၇၆ ဦး ရှိတဲ့အတွက် စုစုပေါင်း ပိုးတွေ့ရှိသူ ၁,၀၁၉,၅၄၃ ဦးနဲ့ သေဆုံးသူ စုစုပေါင်း ၁၀၀,၁၀၄ ဦးရှိကြောင်း သိရပါတယ်။
သမ္မတက နိုင်ငံမှာ ပိုးတွေ့သူတွေ များလာကြောင်း ဒါပေမယ့် သေဆုံးသူ အရေအတွက် နည်းတာက ကံကောင်းတယ်လို့ ပြောရမလိုဖြစ်ကြောင်း၊ အဲဒါက အစိုးရရဲ့ ရည်မှန်းချက်ဖြစ်ကြောင်း အခု သီတင်းပတ် အတွင်းမှာ ပြောကြားခဲ့ပါတယ်။
ဒါပေမယ့် ကူးစက်ရောဂါဆိုင်ရာ ပညာရှင် မစ္စတာ လို့ပတ်ဇ် က ပိုးတွေ့သူ နည်းသွားမယ့် အခြေ အနေကို မမြင်ရတဲ့ အခြေအနေမှာ ရောက်ရှိနေကြာင်းနဲ့ အဲဒီ အခြေအနေကနေ ဘယ်ကို သွားမယ်ဆိုတာ မသိကြောင်း၊ အခု အခြေအနေဟာ ရောဂါပိုးကြောင့် သေဆုံးသူ များသွားနိုင်ကြောင်း သတိပေးပြောကြားပါတယ်။
နိုင်ငံမှာ အဟာရပြည့်စုံတဲ့ အစားအစား စားသောက်မှု နည်းပါးခြင်း၊ အဝလွန် ရောဂါရှိသူများခြင်း၊ သွေးတိုးနဲ့ ဆီးချိုရောဂါများခြင်းကလည်း သေဆုံးမှု များစေနိုင်ကြောင်း ပြောပါတယ်။
ဒါ့အပြင် နိုင်ငံရဲ့ လုပ်သားဦးရေ တစ်ဝက်ဟာ လခစား လုပ်သားတွေ မဟုတ်တဲ့အတွက် နေမကောင်းခဲ့ရင် သီးသန့်ခွဲနေဖို့ဆိုတာ မဖြစ်နိုင်တာကလည်း ကပ်ရောဂါပိုးကို ကိုင်တွယ်ရန် ခက်ခဲကြောင်း သိရပါတယ်။
လက်ရှိအချိန်မှာ မက္ကဆီကိုနိုင်ငံဟာ ကိုရိုနာ ဗိုင်းရပ်စ်ပိုးကြောင့် လူဦးရေ ၁၀၀,၀၀၀ အပေါ်မှာ သေဆုံးသူ စာရင်း တွက်ချက်ရာတွင် အဆင့် ၁၁ မှာ ရောက်ရှိနေတဲ့ နိုင်ငံဖြစ်ပါတယ်။
MDN
ကိုးကား - AFP
