ဇူလိုင် ၇

မက္ကဆီကိုနိုင်ငံတောင်ပိုင်းတွင် ဇူလိုင် ၅ ရက်နေ့မနက်ပိုင်းက ဘတ်စ်ကားတစ်စီး ချောက်အတွင်းပြုတ်ကျသဖြင့် တစ်နှစ်သားအရွယ်ကလေးတစ်ဦးအပါအဝင် ၂၉ ဦးထက်မနည်း သေဆုံးပြီး လူ ၂၀ ခန့် ဒဏ်ရာရရှိခဲ့သည်။

အဆိုပါဘတ်စ်ကားသည် အိုချာကာပြည်နယ်ရှိ လမ်းမပေါ်မှ ၂၅ မီတာအနက်ရှိ ချောက်အတွင်းသို့ ပြုတ်ကျခဲ့သည်ဟု အေပီနှင့် အခြားသတင်းအေဂျင်စီများက ဆိုသည်။

ထိုဘတ်စ်ကားသည် ချောက်အတွင်းပြုတ်ကျသဖြင့် ချောက်အောက်ခြေတွင် လဲကျနေပြီး ဘတ်စ်ကားအမိုးမပါရှိတော့ပဲ ပျက်စီးခဲ့ပုံကို ဗွီဒီယိုဖိုင်တွင် ပြသထားသည်။

ယာဉ်မတော်တဆမှုဖြစ်ပွားရသည့်အကြောင်းရင်းကို ရှင်းရှင်းလင်းလင်းမသိရှိရသေးသော်လည်း ယာဉ်မောင်း၏ အရှိန်မထိန်းနိုင်မှုကြောင့်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

ယင်းဘတ်စ်ကားသည်စက်ချို့ယွင်းမှုရှိသော်လည်း စစ်ဆေးမှုပြုလုပ်ပြီးနောက် ဆက်လက်ခရီးထွက်ခွာခဲ့သည်ဟု ခရီးသည်တစ်ဦးက ဆိုသည်။ ဘတ်စ်ကားဘရိတ်သည် အလုပ်လုပ်ဆောင်ခြင်းမရှိဟု ၎င်းကထပ်လောင်းပြောသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို