စက်တင်ဘာ ၂၇

မက္ကဆီကိုနိုင်ငံတောင်ပိုင်း ဂါရီရိုပြည်နယ်တွင် ဟာရီကိန်းမုန်တိုင်း ဂျွန်တိုက်ခတ်မှုကြောင့် ငါးဦးထက်မနည်းသေဆုံးကြောင်း သမ္မတ အန်ဒရတ်လီရိုပက်အိုဘရာဒါက ယမန်နေ့ကပြောသည်။

အဆိုပါမုန်တိုင်းတိုက်ခတ်မှုကြောင့် နေအိမ်အလုံး ၇၀၀ ခန့် ပျက်စီးခဲ့ပြီး ပစိဖိတ်ကမ်းရိုးတန်းပြည်နယ်တွင် ပျက်စီးမှုများပြားခြင်းမရှိကြောင်း ၎င်းကထပ်လောင်းပြောသည်။

ဟာရီကိန်းမုန်တိုင်းသည် စက်တင်ဘာ ၂၃ ရက်နေ့ ညပိုင်းက အဆင့်- ၃ မုန်တိုင်းဖြင့် ဂါရီရိုပြည်နယ် ကုန်းတွင်းပိုင်းသို့ဝင်ရောက်တိုက်ခတ်ပြီး တစ်နာရီလျှင် ၂၂၀ ကီလိုမီတာဖြင့် လေပြင်းတိုက်ခတ်ခဲ့ကြောင်း အာဏာပိုင်များက ပြောကြားသည်။

ဟာရီကိန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် အစောပိုင်းက နှစ်ဦးသေဆုံးခဲ့ကြောင်း စက်တင်ဘာ ၂၅ ရက်နေ့က ဂါရီရိုပြည်နယ်အုပ်ချုပ်ရေးမှူးက ပြောကြားပြီး  ဟာရီကိန်းမုန်တိုင်းမှ အပူပိုင်းမုန်တိုင်းအဖြစ်သို့ လျော့ကျသွားခဲ့သည်။

ထိုမုန်တိုင်းသည် အဆင့် -၁ ဟာရီကိန်းမုန်တိုင်းအဖြစ် အားကောင်းလာနိုင်ပြီး မက္ကဆီကိုတောင်ပိုင်းနှင့် အနောက်ပိုင်းတွင် မိုးအများအပြားရွာသွန်းနိုင်သည်ဟု အာဏာပိုင်များက သတိပေးပြောကြားထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို