မက္ကဆီကိုစီးတီး၊ ဇန်နဝါရီ ၈
မက္ကဆီကိုစီးတီးမြို့တွင် မြေအောက်ရထားနှစ်စင်း တိုက်မှုကြောင့် တစ်ဦးသေဆုံးပြီး ၅၇ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံ အာဏာပိုင်များက ဇန်နဝါရီ ၇ ရက်တွင် ပြောသည်။
ဒဏ်ရာရရှိသူများကို ဒေသ ဆေးရုံသို့ ခေါ်ဆောင်သွားခဲ့ပြီး ရထားတွဲအတွင်း ပိတ်မိနေသူ လေးဦးအနက် သုံးဦးကို ကယ်တင်နိုင်ခဲ့ကြောင်း မက္ကဆီကိုစီးတီး မြို့တော်ဝန် ကလောက်ဒီရာ ရှိုင်းဘောင်က ပြောသည်။
လာရာဇာနှင့် ပက်ထရီရို ဘူတာတို့အကြား ဇန်နဝါရီ ၇ ရက် နံနက်ပိုင်းက ရထားတိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အခင်း ဖြစ်ပွားနေရာသို့ ထိခိုက်ခံစားရသူများ စောင့်ရှောက်ပေးရေးအသင်းကို စေလွှတ်ခဲ့ပြီး ရထားတိုက်မှု ဖြစ်ပွားရခြင်းအကြောင်းကို စုံစမ်းစစ်ဆေးမှု ပြုလုပ်သွားမည်ဟု မက္ကဆီကိုရှေ့နေချုပ်ရုံးက တွစ်တာပေါ်တွင် ရေးသား ခဲ့သည်။ ရထားတိုက်မှုဖြစ်ပွားရခြင်း အကြောင်းကိုမူ မသိရသေးချေ။ မက္ကဆီကိုစီးတီး မြေအောက်ရထားမှာ နိုင်ငံအတွင်း သယ်ယူပို့ဆောင်မှုတွင် အသုံးများသော သယ်ယူပို့ဆောင်ရေးစနစ် တစ်ခု ဖြစ်သည်။
ဆင်ဟွာ