အောက်တိုဘာ ၂၇
မက္ကဆီကိုနိုင်ငံတောင်ပိုင်း ဂူရီရိုပြည်နယ်၏ပင်လယ်ကမ်းခြေတွင် ဟာရီကိန်မုန်တိုင်း Otis တိုက်ခတ်မှုကြောင့် ၂၇ ဦးထက်မနည်း သေဆုံးခဲ့ပြီး လေးဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ယမန်နေ့ကပြောကြားသည်။
အဆိုပါဟာရီကိန်းမုန်တိုင်းတိုက်ခတ်မှုကြောင့်နိုင်ငံအတွင်းရှိခရီးသွားများသွားလာမှုများသည့်အပန်းဖြေနေရာများအနက်တစ်ခုဖြစ်သော Acapulco အပန်းဖြေဒေသတွင်ပျက်စီးမှုများပြားခဲ့ကာ ဟာရီကိန်းမုန်တိုင်းသည် ယခုအခါ အားလျော့ သွားပြီဖြစ်ကြောင်း သိရသည်။
မက္ကဆီကိုသမ္မတ မန်နျူရယ်လိုပက်ဇ်အိုဘာဒါက ၎င်း၏နေ့စဉ်သတင်းစာရှင်းလင်းပွဲအတွင်း မုန်တိုင်းတိုက်ခတ်ခံရမှုကြောင့် သေဆုံးခဲ့ရသူများနှင့်ပတ်သက်ပြီးဝမ်းနည်းကြောင်းနှင့် မုန်တိုင်းဘေးသင့်ဒေသသို့ ကူညီထောက်ပံ့မှုများ ပြုလုပ်ရန် ၎င်း၏အဖွဲ့များစေလွှတ်ထားကြောင်း ပြောကြားသည်။
လျှပ်စစ်ဌာနတာဝန်ရှိသူများက ထိုမုန်တိုင်းဘေးသင့်ဒေသတွင် ဆက်သွယ်ရေးလုပ်ငန်းများနှင့်လျှပ်စစ်ဓါတ်အားလိုင်းများ ပြန်လည်ရရှိရန် ကြိုးစားလုပ်ဆောင်လျက်ရှိသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို