မက္ကဆီကိုစီးတီး မေ ၂၃

 

မက္ကဆီကို အမျိုးသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတက္ကသိုလ်မှ သိပ္ပံပညာရှင်များက သမုဒ္ဒရာကို ညစ်ညမ်းစေသည့် ရေနံလောင်စာဆီများ၊ ရေဒီယိုသတ္တိကြွပစ္စည်းများ၊ ဓာတ်မြေဩဇာများ၊ ဆေးဝါးများနှင့် သမုဒ္ဒရာအတွင်းရှိအခြားသော ညစ်ညမ်းပစ္စည်းများကိုသန့်စင်ပေးနိုင်သည့် နည်းပညာသစ်တစ်ခုကိုတီထွင်ခဲ့သည်။

 

အဆိုပါ ဆန်းသစ်တီထွင်သော နည်းပညာသစ်သည် သဘာဝအလျောက်ဖြစ်ပေါ်နေသည့် ရွှံ့စေးသတ္တုဓာတ်နှင့် သံလိုက်ဓာတ် မြင့်မားသော သတ္တုဓာတ်ဖြစ်သည့် ဟာလွိုင်ဆိုက်မှ ပြုလုပ်သော သေးငယ်သည့် နာနိုပြွန်များဖြင့် စုပ်ယူဖယ်ရှားသည့် နည်းပညာဖြစ်သည်။

 

သမုဒ္ဒရာထဲမှာရှိတဲ့ အညစ်အကြေးတွေကို ငါးဖမ်းကွန်ပစ်လိုက်သလိုပဲ သံလိုက်စက်ကွင်းနဲ့ စုပ်ယူဖယ်ရှားတဲ့ နည်းလမ်းပါပဲ။ ဒီနည်းနဲ့ပဲ ရေနံတွေကို စုပ်ယူစုဆောင်းပြီးတော့ ပြန်လည်သန့်စင် အသုံးပြုနိုင်တဲ့ နည်းပညာ ဖြစ်ပါတယ်။ ဒီနည်းပညာကို ဆီအမျိုးအစားအမျိုးမျိုးနဲ့ စမ်းသပ်ပြီးပါပြီဟု ပရောဂျက်ခေါင်းဆောင်ဖြစ်သူ မရီနာဘာ ဂတ်စ် ရိုဒရီဂွတ်ဇ်က ပြောသည်။

 

သမုဒ္ဒရာအတွင်း ညစ်ညမ်းရေနံများကြောင့် အဏ္ဏဝါဂေဟစက်ကွင်းကို ထိခိုက်စေရုံသာမက ဒေသတွင်း ငါးဖမ်းလုပ်ငန်းများကိုပါ ထိခိုက်စေပြီး ညစ်ညမ်းသည့်ပင်လယ်အတွင်းမှငါးများကို ဖမ်းဆီးစားသုံးရာမှတစ်ဆင့် လူတို့အတွက် ကင်ဆာကဲ့သို့သော ရောဂါများ ဖြစ်ပွားစေလျက်ရှိသည်။ ထို့ကြောင့် ယင်းနည်းပညာသည် အလွန်စေးပျစ်နေသည့် ဟိုက်ဒရိုကာဗွန်များကိုပင် ပြန်လည်သန့်စင်နိုင်သည့်အတွက် ပင်လယ်အတွင်း ယိုဖိတ်သည့် ရေနံများကို မီးရှို့ဖျက်ဆီးပြီးနောက် လေထုအတွင်သို့ ကာဗွန်ထုတ်လုပ်မှု မြင့်တက်စေမည့်အစား ပြန်လည်သန့်စင်အသုံးပြုနိုင်သည့် နည်းပညာ ဖြစ်သည့်အတွက် သဘာဝဝန်းကျင်ညစ်ညမ်းမှု လျှော့ချရေး အတွက်ကိုလည်း များစွာအထောက်အကူ ဖြစ်စေသည်ဟု သိရသည်။

 

ယခုတီထွင်ဆန်းသစ်သည့် နည်းပညာသည် ပင်လယ်သမုဒ္ဒရာညစ်ညမ်းသည့် ဆိုးရွားသော လောင်စာဆီယိုဖိတ်မှုများကို သန့်စင်စေသည့်အပြင် မြစ်၊ ချောင်း၊ ရေကန်များတွင်ပါ အသုံးပြုနိုင်သည့် နည်းပညာသစ်ဖြစ်သည်။ အဆိုပါ နည်းပညာသည် ကုန်ကျစရိတ် အလွန်နည်းပါးပြီး ပင်လယ်သမုဒ္ဒရာ ညစ်ညမ်းမှု ပြဿနာရှိသည့် နည်းပညာ လိုအပ်သော မည်သည့်နိုင်ငံမဆို အသုံးပြုနိုင်ကြောင်း မရီနာ ဘာဂတ်စ်က ပြောသည်။

 

ရေနံယိုဖိတ်မှုသည် ကမ္ဘာတစ်ဝန်းရှိ ဇီဝမျိုးစုံ မျိုးကွဲများကို ခြိမ်းခြောက်မှု အဆိုးရွားဆုံးသော သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု ဘေးအန္တရာယ်များအနက် တစ်ခုအပါအဝင်ဖြစ်သည်။

 

ဆင်ဟွာ