၂ စက်တင်ဘာ

 

မက္ကဆီကို သမ္မတ အန်ဒရီ မန်နျူရယ် လိုပတ်စ် အိုဘရာဒေါက သူ့လက်ထက်မှာ လူသတ်မှုများလာကြောင်း နိုင်ငံကိုပြောကြားတဲ့ မိန့်ခွန်းထဲမှာ ဝန်ခံပြောကြားပါတယ်။ လိုပတ်စ် အိုဘရာဒေါက သူ သမ္မတတာဝန်ကို ယူပြီးချိန်ကစပြီး ရာဇဝတ်ဂိုဏ်းတွေက လူသတ်မှုတွေနဲ့ ပြန်ပေးဆွဲမှုတွေ ပိုမိုလုပ်ဆောင်လာတာ တွေ့ရကြောင်း အင်္ဂါနေ့က ပြောကြားတဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားပါတယ်။

 

လက်ဝဲဝါဒီ လိုပတ်စ် အိုဘရာဒေါဟာ သမ္မတတာဝန်ကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလက တာဝန်ယူခဲ့ပြီးနောက် နိုင်ငံမှာ မူးယစ်ဆေးရောင်းဝယ်သူတွေနဲ့ တခြားရာဇဝတ်ဂိုဏ်းတွေရဲ့ ရာဇဝတ်မှုတွေကို ထိန်းသိမ်းရန် အခက်အခဲနဲ့ ရင်ဆိုင်နေရပါတယ်။

 

သမ္မတရဲ့ မိန့်ခွန်းထဲမှာ ရည်ရွယ်ချက်နဲ့ သတ်ဖြတ်မှုဟာ ၇ ဒသမ ၉ ရာခိုင်နှုန်းများသလို ရာဇဝတ်ဂိုဏ်းတွေနဲ့ ဆက်စပ်မှုရှိတဲ့ ပြန်ပေးဆွဲမှုဟာ ၁၂ ဒသမ ၇ ရာခိုင်နှုန်းတိုးလာကြောင်း ထည့်သွင်းပြောကြားပါတယ်။

 

လိုပတ်စ် အိုဘရာဒေါရဲ့ အစိုးရအဖွဲ့ဟာ အလုပ်အကိုင်၊ပညာရေးနဲ့ လူမှုဖူလုံရေးတွေကို ထောက်ပံ့ပေးခြင်းအားဖြင့် ရာဇဝတ်ဂိုဏ်းတွေကို အထူးသဖြင့် လူငယ်တွေမဝင်အောင် လုပ်ဆောင်နေကြောင်း ပြောပါတယ်။

 

၂၀၂၀ ပြည့်နှစ်ရဲ့ ပထမ ၇ လအတွင်းမှာ အသတ်ခံသူ ၂၀,၄၉၄ ဦးရှိပါတယ်။ ၂၀၁၉ ခုနှစ်ရဲ့ ပထမ ၇ လအတွင်း အသတ်ခံသူ ၁၉,၃၅၇ ဦးရှိပြီး ၂၀၁၉ ခုနှစ် တစ်နှစ်လုံး အသတ်ခံသူ ၃၄,၅၈၂ ဦးရှိကြောင်း သိရပါတယ်။ ၂၀၁၉ ခုနှစ်က အသတ်ခံရသူအရေအတွက် ၁၉၉၇ ခုနှစ်ကစပြီး အများဆုံးလို့ ဆိုရမှာဖြစ်ပါတယ်။

 

MDN

ကိုးကား - AFP