မက္ကဆီကိုတွင် ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရသူ ၁၄၃၄ ဦး၊ ကူးစက်ခံရသူပေါင်း ၂၄၉၀၅ ဦး အထိ ရှိလာ

၅ မေ

 

မက္ကဆီကိုနိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉  ကူးစက်ခံရသူ ၁၄၃၄ ဦး၊ သေဆုံးသူ ၁၁၇ ဦး ထပ်မံဖြစ်ပွားခဲ့ရာ နိုင်ငံအတွင်း ကူးစက်ခံရသူပေါင်း ၂၄၉၀၅ ဦး နှင့် သေဆုံးသူ ၂၂၇၁ ဦး အထိရှိကြောင်း မက္ကဆီကိုကျန်းမာရေးဝန်ကြီးဌာနက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

 

မက္ကဆီကို ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဟူဂိုလိုပက်ဇ်ဂါတယ် က မေလ ၆ ရက်နေ့တွင် နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက်မှု အမြင့်ဆုံးဖြစ်ပွားလာဖွယ်ရှိကြောင်းနှင့် အတည်ပြုချက်ကို စောင့်ဆိုင်းနေစဉ် သေဆုံးသွားသူ ၁၉၁ ဦးရှိကြောင်း  ပြီးခဲ့သည့် သီတင်းပတ်က ပြောကြားခဲ့သည်။

 

မက္ကဆီကိုအစိုးရက ကိုဗစ်-၁၉ ကူးစက်မှုကို ထိန်းချုပ်ရန် နိုင်ငံတစ်ဝှမ်း သွားလာခွင့် ပိတ်ပင်ကန့်သတ်ချက်များကို မေလ ၃၀ ရက်နေ့အထိ တိုးမြှင့်ကြောင်း ဧပြီ ၁၆ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

 

သို့သော်လည်း ကူးစက်မှုနှုန်း နည်းပါးသောမြို့များတွင် နေအိမ်ပြင်ပသွားလာခွင့် ပိတ်ပင်ကန့်သတ်ချက်များကို မေလ ၁၇ ရက် နေ့တွင် ရုတ်သိမ်းနိုင်ဖွယ်ရှိသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို