မှန်ထဲကြည့်လိုက်တဲ့အချိန် မျက်လုံးအောက်က မဲမဲအချိုင့်တွေကြော့င် ရှိရင်းစွဲ အသက်ထက် ပိုကြီးနေသယောင် ထင်ကြရတယ်ဟုတ်။ သူများတွေကို ကြည့်လိုက်ရင် မျက်လုံးလေးတွေ တောက်တောက် ပြည့်ပြည့်လေးတွေ။ ကိုယ့်ကျမှ ဘာ့ကြောင့် မျက်တွင်းချိုင့်ပြီး မျက်ကွင်းညို နေရတာလဲ။
မျက်ကွင်းညို၊ မျက်တွင်းချိုင့်ခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းများ ။ ။
Panda eyes, Raccoon eyes , eyes rings ဆိုပြီး အမျိုးမျိုးခေါ်ကြတဲ့ မျက်ကွင်းညိုခြင်းကို ဖြစ်စေတဲ့အကြောင်းအရင်းတွေကတော့
( ၁ ) အိပ်ရေးမဝလို့ပါ။
လူတိုင်းသိပါတယ်။ အိပ်ရေးမဝတဲ့ ရက်တွေများလာရင် မျက်ကွင်းညိုတတ်တယ်ဆိုတာကို။ ဒါက မျက်ကွင်းညိုတာ၊ မျက်တွင်းချိုင့်တာကို အဓိက ဖြစ်စေတဲ့ အကြောင်းအရင်း တစ်ခုပါ။ အိပ်ရေးမဝလို့ မျက်ကွင်းညိုတာကို ဖြေရှင်းပေးမယ့် တစ်ခုတည်းသော အဖြေက အိပ်ချိန်လုံလောက်စွာ အိပ်စက်ဖို့ ဖြစ်ပါတယ်။ တစ်နေ့ကို အနည်းဆုံး အိပ်ချိန် ၇ နာရီရှိပါစေ။ အိပ်ခါနီးဖုန်းသုံးတာ၊ ကဖင်းဓာတ်များတာတွေ သောက်တာမျိုးကို အဓိက ရှောင်ကြဉ်ပါ။
( ၂ ) အာဟာရချို့တဲ့တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ဗီတာမင်တွေထဲမှာဆို ဗီတာမင် K ချို့တဲ့တဲ့သူ အများစုက မျက်ကွင်းညိုတဲ့ ပြဿနာကို ခံစားရတတ်ပါတယ်။ ဒါကြောင့် ဗီတာမင် K ကြွယ်ဝတဲ့ အစားအစာတွေဖြစ်တဲ့ ကိုက်လန်၊ ဟင်းနုနွယ်၊ ပန်းဂေါ်ဖီစိမ်း၊ ငါး၊ အသားအမျိုးမျိုးနဲ့ ဥတွေကို မျှတအောင်စားပေးပါ။ ဗီတာမင် Kပါ တဲ့ Eye cream တွေဝယ်သုံးလို့လည်း ရပါတယ်။
( ၃ ) ဆေးလိပ် အရက်သောက်တဲ့သူတွေ။
ဆေးလိပ်တို့ အရက်တို့ဆိုတာ လူကို ရှိရင်းစွဲ အသက်ထက် ပိုရင့်သွားစေတဲ့ တရားခံတွေပါ။ ကိုယ့်မှာ အစောတည်းက မျက်ကွင်းညိုတဲ့ ပြဿနာရှိရင် ညိုနေတဲ့မျက်ကွင်းကို ပိုဆိုးသွားစေတတ်တဲ့အပြင် ဘာကောင်းကျိုးမှ မရှိတာကြောင့် ဆေးလိပ် အရက်ကို ဖြတ်ဖို့ ကြိုးစားသင့်ပါတယ်။
( ၄ ) နှာစေး နှာပိတ်ဖြစ်ခြင်း။
နှာစေး နှာပိတ်တဲ့အခါ sinuses လို့ခေါ်တဲ့ နှာခေါင်းတွင်းပိုင်းရှိ အခန်းလေးတွေနဲ့ မျက်လုံးကိုသွားတဲ့ သွေးပြန်ကြောတွေ ပိတ်သွားတာကြောင့် မျက်ကွင်းညိုတဲ့ ပြဿနာတွေ ပိုဖြစ်တတ်ပါတယ်။ ခုလို မိုးရာသီဆို၊ အမှုန်အမွှားများတဲ့ ဆောင်းတွင်းလို ရာသီတွေမှာ ဓာတ်မတည့်တဲ့ပြဿာနာတွေ ပိုဆိုးတတ်တာကြောင့် နှာစေးနှာပိတ်ရာကနေ မျက်ကွင်းညိုတဲ့ ပြဿနာတွေဖြစ်တတ်ပါတယ်။
( ၅ ) အသက်ကြီးလာခြင်း။
အသက်ကြီးလာတဲ့အခါ ရေဓာတ်တွေ ခမ်းခြောက်လာပြီး အရေပြားတွေ ပါးကုန်တာကြောင့် သွေးကြောတွေ ပိုထင်းလာပြီး မျက်ကွင်းညိုသွားတတ်ပါတယ်။ ဒါကိုသက်သာစေဖို့ဆို အသက်ကြီးတဲ့သူတွေအတွက်ထုတ်ထားတဲ့ eye cream တွေ သုံးပေးလို့ရပါတယ်။
( ၆ ) နေပူထဲ အသွားများတဲ့ သူတွေ။
နေရောင်ထဲက ခရမ်းလွန်ရောင်ခြည်တွေက အသားအရေတွေကို မဲစေတယ်ဆိုတော့ အရမ်းကို နုနယ်တဲ့မျက်လုံးအောက်က အရေပြားလေးတွေဆို ပိုဆိုးတာပေါ့။ ဒါ့ကြောင့် နေပူထဲသွားတိုင်း နေကာမျက်မှန် ဆောင်သွားဖို့ လိုအပ်ပါတယ်။
( ၇ ) မျိုးရိုးဗီဇကြောင့်ပါ။
ကိုယ့်မျိုးရိုးကိုတည်းက မျက်ကွင်းညိုတတ်တဲ့ သူတွေဖြစ်ခဲ့ရင် ကိုယ်မှာလည်း ဒီ မျိုးရိုးဗီဇပါလာမှာ ဖြစ်ပါတယ်။ ဒီလို မျိုးရိုးကြောင့် ဖြစ်တာဆိုရင်တော့ ဘာမှလုပ်ဖို့ မတတ်နိုင်ပေမယ့် ညိုနေတဲ့ ကိုယ့်မျက်လုံးလေးတွေကို ကွန်စီလာ (concealer) မိတ်ကပ်နဲ့ ဖုံးကွယ်ပေးလို့တော့ ရပါတယ်။
( ၈) ကိုယ်သောက်နေတဲ့ဆေးတွေ။
ကိုယ်ဝန်တားဆေးသောက်ဆေးတွေက သွေးကြောတွေကို ကျယ်စေတဲ့ အာနိသင်ရှိတာကြောင့် သူတို့ကလည်း မျက်ကွင်းညိုစေတဲ့ တရားခံတွေကတစ်ခုပါ။ လူတိုင်းတော့ မဖြစ်ပေမယ့် သူ့ကြောင့် မျက်ကွင်းညိုတဲ့ သူတွေလည်း မနည်းပါဘူး။
ဒါတွေကတော့ မျက်ကွင်းညိုခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေပါ။ ဒီထဲက တစ်ချို့အကြောင်းအရင်းတွေကို ပြောင်းလဲလို့မရပေမယ့် ဖြစ်နေတဲ့ မျက်ကွင်းညိုတဲ့ ပြဿနာကို လျော့ပါးအောင် ဖြေရှင်းလို့တော့ရပါတယ်။
အိပ်ရေးဝဝအိပ်ပါ။
ရေများများသောက်ပါ။
အာဟာရ ပြည့်ဝအောင် များများစားပါ။
မျက်လုံးတစ်ဝိုက်အတွက် သီးသန့်ထုတ်ထားတဲ့ eye cream တွေ အသုံးပြုပေးပါ။ သဘာဝနည်းတွေဆို သခွားသီးကပ်ပေးတာ၊ မျက်လုံးအောက် အားလူးကပ်ပေးတာ၊ လက်ဖက်စိမ်းအိတ်လေးတွေ ကပ်ပေးတာမျိုး လုပ်လို့ရပါတယ်။ ။
ရေးသားသူ Dr. Thin Yadanar @ Frances
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”