ရန်ကုန် ၂၆ ဇူလိုင်
အနုပညာအလုပ်များကို ရပ်နားထားကာ ပညာရေးဘက်သို့ ဦးစားပေးလုပ်ကိုင်နေပြီး ပရိသတ်အခိုင်အမာ ရရှိထားသည့် သရုပ်ဆောင် မေသက်ခိုင်သည် ၎င်း၏ မျက်ကြည်လွှာနှင့် ခန္ဓာကိုယ်ကို ခန္ဓဗေဒဌာနရှိ ဆေးတက္ကသိုလ်(၂)တွင် လှူဒါန်း လိုက်ပြီ ဖြစ်ကြောင်း သိရသည်။
မေသက်ခိုင်သည် အားလပ်ချိန်များတွင် နာရေးကူညီမှုသင်း(ရန်ကုန်)၌ ပါဝင်ကူညီနေသူဖြစ်ပြီး ယခုအခါ အလွန်မွန်မြတ် သော လှူဒါန်းမှုဖြစ်သည့် မျက်ကြည်လွှာနှင့်ခန္ဓာကိုယ်ကို လှူဒါန်းမှုပြုလုပ်ထားခဲ့ခြင်းဖြစ်သည်။
မေသက်ခိုင်ကဲ့သို့ မျက်ကြည်လွှာလှူဒါန်းလိုသူများ အနေဖြင့်ဓာတ်ပုံ တစ်ပုံနှင့် အသိသက်သေ ၁ ဦး လိုအပ်ကြောင်း၊ မျက်စိဘဏ်၌ ရုံးချိန်အတွင်း လှူဒါန်းနိုင်ကြောင်း၊ သေဆုံးပြီး ၄ နာရီအတွင်း မိသားစုဝင်များမှ မျက်စိဘဏ်သို့ ဆက်သွယ်ရမည်ဖြစ်ကြောင်းသိရသည်။
သေဆုံးပြီး ခန္ဓာကိုယ် လှူလိုသူများ အနေဖြင့် ဓာတ်ပုံနှစ်ပုံ၊ မိသားစုဝင် တစ်ဦးနှင့် အသိသက်သေတစ်ဦး လိုအပ်ကြောင်း၊ ရန်ကုန် ဆေးတက္ကသိုလ် ၂ (သို့မဟုတ်) ဆေးတက္ကသိုလ် ၁ တွင် ရုံးချိန်အတွင်း သွားရောက်လှူဒါန်းနိုင်ကြောင်း၊ ဆေးတက္ကသိုလ် ၂ တွင် လှူဒါန်းပါက ချက်ချင်းစာရင်းသွင်းပေးပြီး သက်သေမှတ်တမ်းလွှာ ပြန်လည်ရရှိမည် ဖြစ်ကြောင်း သိရသည်။
ဆေးတက္ကသိုလ် ၁ တွင် လှူဒါန်းပါက လျှောက်လွှာ ၃ စောင်ဖြည့်ကာ တင်ရမည်ဖြစ်ပြီး ရက်သတ္တပတ် သုံးပတ်အကြာ၌ ကာယကံရှင်ကိုယ်တိုင် သွားရောက်ထုတ်ယူရမည်ဖြစ်သည်။ ယင်းကဲ့သို့လှူဒါန်းရာတွင်လည်း သေဆုံးချိန်တွင် သတ်မှတ် ချက်များနှင့် မကိုက်ညီလျင် accident / cancer / ကူးစက်ရောဂါများဖြင့် သေဆုံးသော dead body များမှာလှူ၍ မရနိုင်ကြောင်း၊ လှူခွင့်ရှိခဲ့လျင် သေဆုံးချိန်၌ သေဆုံးကြောင်း လက်မှတ် ၊ လှူဒါန်းထားကြောင်း သက်သေစာရွက်၊ ရပ်ကွက်ထောက်ခံစာ၊ သင်္ချိုင်းလက်မှတ်/သင်္ဂြိုလ်ခွင့် လက်မှတ်နှင့်အတူ သေဆုံးပြီး ၂၄ နာရီအတွင်း လှူဒါန်းထား သည့်နေရာသို့ အရောက် ပို့ပေးရမည်ဖြစ်ပြီး အကယ်၍ ရုံးချိန်ပြင်ပ/အစိုးရ ရုံးပိတ်ရက်အတွင်း သေဆုံးခဲ့ပါက နီးစပ်ရာ ရေခဲတိုက်တွင် ထားရှိပြီး ရုံးဖွင့်ရက်တွင် သယ်ဆောင်ပို့ရမည်ဖြစ်ကြောင်း သိရသည်။ ရေခြားမြေခြား သေဆုံးသူများ အတွက် ပြန်ပို့ရန်အခက်အခဲရှိလျင် မိသားစုဝင်များ၏ ဆန္ဒအရ သင်္ဂြိုလ်ခွင့်ရှိကြောင်းလည်း သိရသည်။
“သေဆုံးချိန်မှာ ကိုယ့်အတွက်အသုံးမလိုတော့တဲ့ ခန္ဓာကိုယ်က တခြားအတွက် အထောက်အပံ့ဖြစ်စေဖို့ ရည်ရွယ်တာပါ။ ပညာရေးအတွက်လည်း တကယ်လိုအပ်လို့ အလှူရှင်များကို အားလုံးက အလေးထားကျေးဇူးတင်နေမှာ”ဟု မေသက်ခိုင်က ပြောဆိုထားခဲ့ပြီး ပြည့်စုံစွာ သိရှိလိုပါက မျက်စိဘဏ်နှင့် ဆေးတက္ကသိုလ် ခန္ဓဗေဒဌာနမှာ သွားရောက် စုံစမ်းနိုင်ကြောင်း ပြောထားသည်။
MDN
Photo – May Thet Khine Facebook