မျက်လုံးနဲ့ ပတ်သတ်ပြီး လူအများ လုပ်လေ့ရှိကြတဲ့ အမှားများ

ရေးသားသူ Arkar Hein

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

 

မျက်လုံးဆိုတဲ့ အာရုံခံစနစ်တစ်ခုထဲက ပေးပို့တဲ့ သတင်းအချက်အလက်တွေဟာ ကျန်အာရုံခံစနစ်တွေဖြစ်တဲ့ အကြား၊ အရသာ၊ အနံ့အသက်နဲ့ အထိအတွေ့တို့ပေးပို့တဲ့ သတင်းအချက်အလက် စုစုပေါင်းထက် ပိုများပါတယ်။ မျက်လုံးကို တာဝန်ယူထားရတဲ့ ဦးနှောက် အစိတ်အပိုင်းကလည်း ကျန်အာရုံခံစနစ် စုစုပေါင်းထက် ပိုများပါတယ်။ မျက်လုံးတွေဟာ သိစိတ်ကပေးပို့တဲ့ သတင်းအချက်အလက်ပမာဏ တစ်ဝက်ခန့်ကို ပေးပို့နိုင်တဲ့ အင်္ဂါတွေလည်းဖြစ်ပါတယ်။ ဒါ့အပြင် မျက်လုံးတွေဟာ ခန္ဓာကိုယ်ရဲ့ အရှုပ်ထွေးဆုံး အာရုံခံ အင်္ဂါတစ်ခုလည်း ဖြစ်ပါတယ်။ လူတော်တော်များများဟာ အမြင်အာရုံပျက်စီးခြင်းဆိုတာ ဇရာကြောင့် မလွဲမသွေဖြစ်ရတဲ့ ရလဒ်လို့သာ အထင်မှားတတ်ကြပါတယ်။ ဒါပေမဲ့ တကယ်တမ်း မျက်လုံးကျန်းမာရေးနဲ့ လျော်ညီတဲ့ အလေ့အကျင့်တွေရှိမယ်ဆိုရင် မျက်လုံးကျန်းမာရေးနဲ့ ပတ်သတ်တဲ့ ရောဂါတော်တော်များများကို ကာကွယ်နိုင်ပါတယ်။ ဒီဆောင်းပါးထဲမှာတော့ ကျွန်တော်တို့အတွက် အရမ်း အရေးပါတဲ့ အင်္ဂါဖြစ်တဲ့ မျက်လုံးတွေ မပျက်စီးစေရန်အတွက် ရှောင်သင့်တဲ့ အလေ့အကျင့်လေးတွေကို Hello Sayarwon ပရိတ်သတ်ကြီးနဲ့ ဆွေးနွေးသွားမှာဖြစ်ပါတယ်။

 

 

၁။ နှစ်စဉ် မျက်လုံးစစ်ဆေးမှု ပုံမှန်မလုပ်ခြင်း။

 

အထူးသဖြင့် သင့်အနေနဲ့ အသက် ၄၀ ကျော်လာတဲ့အချိန် မျက်လုံးကို နှစ်စဉ်ပုံမှန်စစ်ဆေးသင့်ပါတယ်။ မျက်လုံးဆိုင်ရာဆရာဝန်များက မျက်စင်းဆေးအနည်းငယ်ကို အသုံးပြုပြီး မျက်လုံးတွေပြန့်ကားလာခြင်းနဲ့ သူငယ်အိမ်ရဲ့ အခြေအနေကို စစ်ဆေးမှာဖြစ်ပြီး ပြင်းထန်တဲ့ရောဂါတွေဖြစ်တဲ့ ရေတိမ်၊ ဆီးချိုကြောင့် သွေးကြောထဲ သကြားဓာတ်ကြာမြင့်စွာများနေတဲ့အခါ မျက်လုံးအာရုံခံလွှာ (retina) တွေထဲက သွေးကြောတွေကို ပျက်စီးစေတဲ့ မျက်လုံးဝေဒနာ၊ Macular Degeneration လို့ခေါ်တဲ့ မျက်လုံးအာရုံခံလွှာ အလယ်တည့်တည့် အပိုင်းပျက်စီးတဲ့ရောဂါတွေ ဖြစ်နေသလားဆိုတာကို စစ်ဆေးမှာဖြစ်ပါတယ်။

 

 

၂။ မျက်လုံးယားခြင်းကို ဂရုမစိုက်ခြင်း။

 

အနီရောင်နဲ့ မျက်ရည်တွေထွက်ရှိပြီး ယားယံကာ ပူစပ်ပူလောင်ဖြစ်နေတဲ့ မျက်လုံးတွေဟာ

ဓာတ်မတည့်ခြင်းကို ခံစားနေရတယ်ဆိုတာကို ပြနေတာပါ။ ဒါပေမဲ့ မျက်လုံးက-

 

 နာကျင်နေမယ်။

 မျက်လုံးထဲ အမှုန်ဝင်နေသလို ခံစားရမယ်၊

အလင်းရောင်တုံ့ပြန်နိုင်စွမ်း အားနည်းနေမယ်၊

ထူထဲပြီး ချွဲကပ်တဲ့ မျက်ချေးများထွက်နေမယ်ဆိုရင်တော့ ဒါဟာ ကူးစက်ရောဂါခံစားနေရတယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။ ဒီလိုဝေဒနာတွေကို ခံစားနေရမယ်ဆိုရင် ဆရာဝန်ထံ အမြန်ဆုံးသွားရောက် ပြသသင့်ပါတယ်။ ကူးစက်ရောဂါဖြစ်နေတာကို မကုသဘူးဆိုရင် မျက်လုံးကိုပျက်ဆီးစေနိုင်ပြီး ပတ်ဝန်းကျင်က လူတွေထံကိုလည်း ကူးစက်စေနိုင်ပါတယ်။

 

 

၃။ ထိခိုက်ဒဏ်ရာရလျှင်ရခြင်း မျက်လုံးကို မစစ်ဆေးခြင်း။

 

မျက်လုံးနဲ့ ပတ်သတ်ပြီး ဒဏ်ရာသေးသေးလေးရမယ်ဆိုရင်တောင် မျက်လုံးထိခိုက်တာနဲ့

ဆရာဝန်ထံ အမြန်ဆုံးသွားရောက်ပြသသင့်ပါတယ်။ အထူးသဖြင့် သင်ဟာ-

အမြင်အာရုံတွေဝေဝါးလာမယ်

မျက်လုံးဖွင့်မရဘူးဆိုရင်

မျက်ဆံဖြူအတွင်းထဲမှာ သွေးတွေကိုတွေ့လာရမယ်ဆိုရင်

မျက်ဆံလှုပ်မရဘူးဆိုရင်

သူငယ်အိမ်ဟာ တစ်ဖက်မှ သူငယ်အိမ် (pupil) နဲ့ ပုံစံမတူဘဲ ကြီးလာတာကို ကြုံရမယ်ဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံးသွားရောက်ပြသသင့်ပါတယ်။

 

 

၄။ နေကာမျက်မှန် ဝတ်ဆင်တဲ့ အကျင့်မရှိခြင်း။

 

နေကာမျက်မှန်တွေဟာ နေရောင်ကထွက်တဲ့ ခရမ်းလွန်ရောင်ခြည် (ultraviolet (UV)) တွေမှ ကာကွယ်ပေးနိုင်ပါတယ်။ ဒီရောင်ခြည်တွေဟာ မျက်လုံးကို မျက်စိအတွင်းတိမ်နဲ့ Macular Degeneration လို့ခေါ်တဲ့ မျက်လုံးအာရုံခံလွှာ အလယ်တည့်တည့်အပိုင်းပျက်စီးတဲ့ ရောဂါ၊ တာရီဂျီယမ် (Pterygium) လို့ခေါ်တဲ့ မျက်ကြည်လွှာအပေါ်က အကျိအချွဲတွေကြီးလာတဲ့ ဝေဒနာကို ဖြစ်စေနိုင်ပါတယ်။ နေကာမျက်မှန်ဝတ်မယ်ဆိုရင်လည်း ultraviolet A (လှိုင်းရှည်)နဲ့ ultraviolet B (လှိုင်းတို) တွေကို ၉၉ ရာခိုင်နှုန်း တားဆီးပေးနိုင်တဲ့ နေကာမျက်မှန်တွေကိုသာ ဝတ်ဆင်သင့်ပါတယ်။

 

 

၅။ မျက်လုံးကို ပွတ်ခြင်း။

 

မျက်လုံးကို ပွတ်ခြင်းဟာ မျက်လုံးကို ပိုယားယံစေပြီး မျက်လုံးတွင်းက သွေးကြောတွေကို ပျက်ဆီးစေပါတယ်။ ဒီလိုပွတ်ခြင်းက မျက်လုံးထဲဘာဝင်ဝင် ပိုဆိုးလာစေတာပဲရှိပါတယ်။ လက်တွေဟာ မျက်လုံးအတွက် အန္တရာယ်ဖြစ်စေနိုင်တဲ့ ပိုးမွှားတွေနဲ့ အမြဲထိတွေ့နေရတဲ့အတွက် မျက်လုံးကိုပွတ်မယ်ဆိုရင် သင့်လက်က သေချာဆေးထားရဲ့လားဆိုတာ ဂရုစိုက်သင့်ပါတယ်။

 

 

၆။ ဖုန်း Screens၊ ကွန်ပျုတာ Screens များကို အချိန်ကြာမြင့်စွာ ကြည့်ရှုနေခြင်း။

 

ဖုန်း Screens၊ ကွန်ပျူတာ Screens တွေကို ကြည့်တဲ့အခါမှာ သင့်ရဲ့မျက်လုံး ကြွက်သားတွေက ပိုအလုပ်လုပ်ရပါတယ်။ Screens တွေကို အချိန်ကြာမြင့်စွာ ကြည့်ရှုခြင်းက မျက်လုံးတွေကို ပင်ပန်းစေပြီး ခေါင်းကိုက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒီလို ဖုန်း၊ ကွန်ပျူတာ Screens တွေကို အချိန်ကြာမြင့်စွာ ကြည့်ရသူတွေ လုပ်ဆောင်သင့်တဲ့ နည်းလမ်းကတော့ ၂၀-၂၀-၂၀ စည်းမျဉ်းပါ။ ၂၀-၂၀-၂၀ စည်းမျဉ်း ဆိုတာက Screens ကိုကြည့်တဲ့ အချိန် မိနစ် ၂၀ ပြည့်တိုင်း ပေ ၂၀ အကွာအဝေးက အရာတစ်ခုကို စက္ကန့် ၂၀ ခန့်ကြည့်ရှုပေးပါ။ ဒါ့အပြင် မျက်တောင် မကြာခဏခတ်ခြင်းကလည်း မျက်လုံးကိုစိုစွတ်စေပြီး ရုံးမှာဆိုရင်လည်း ကွန်ပျူတာ Screens မှာတပ်ဆင်ရတဲ့ အလင်းရောင်ကို လျှော့ချပေးတဲ့ အကာကွယ်တွေကလည်း မျက်လုံး ကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။

 

 

၇။ မျက်ကပ်မှန်တွေကို သေချာမသန့်ရှင်းခြင်း။

 

မျက်ကပ်မှန်တပ်သူတစ်ယောက်ဆိုရင် မျက်လုံးတွေ ကျန်းမာနေဖို့အတွက် မျက်ကပ်မှန်တွေကို ဆရာဝန်က ညွှန်ကြားထားတဲ့ ဆေးရည်နဲ့ ပုံမှန်ဆေးကြောသင့်ပါတယ်။ မျက်ကပ်မှန်ဆေးတဲ့ အခါမှာလည်း ရေ (သို့မဟုတ်) တံတွေးနဲ့ ဘယ်တော့မှ မဆေးသင့်ဘဲ သန့်ရှင်းတဲ့ဘူးထဲမှာပဲ သိမ်းထားသင့်ပြီး ဗူးကိုလည်း ၃ လပြည့်တဲ့ အခါတိုင်း လှဲလှယ်ပေးသင့်ပါတယ်။ ဒါ့အပြင် အိပ်ယာဝင်ချိန်မှာလည်း မျက်ကပ်မှန်တွေကို ချွတ်အိပ်ဖို့ မမေ့သင့်ပါဘူး။ တစ်ခါသုံးမျက်ကပ်မှန်ကို အသုံးပြုရမယ်ဆိုရင်လည်း ဆရာဝန် ညွှန်ကြားထားတဲ့ အချိန် လဲလှယ်သင့်ပါတယ်။

 

 

၈။ မျက်ကပ်မှန်ကို ရေချိုးတဲ့ အချိန်ဝတ်ထားခြင်း။

 

ရေချိုးတဲ့အခါ မျက်ကပ်မှန်မချွတ်ရင် ရေထဲမှာပါဝင်တဲ့ ရောဂါပိုးတွေက မျက်ကပ်မှန်မှာ ကပ်နေနိုင်ပြီး မျက်လုံးကို ကူးစက်ရောဂါဖြစ်စေနိုင်ပါတယ်။ ဒါကို ကာကွယ်ဖို့အတွက် ရေမချိုးခင် မျက်ကပ်မှန်တွေကို အရင် ချွတ်သင့်ပါတယ်။

 

 

၉။ မိတ်ကပ်များကို မဆေးမကြောဘဲထားခြင်း။

 

မျက်တောင်ခြယ်ဆေး (mascara)၊ eyeliner၊ မျက်ခွံဆိုးဆေးတောင့်(eye shadow) မှ အကြွင်းအကျန် အမှုန်တွေဟာ မျက်လုံးထဲဝင်နိုင်ပြီး ကူးစက်ရောဂါကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် မျက်လုံးဆိုင်ရာ မိတ်ကပ်တွေလိမ်းထားရင် ညအိမ်ယာမဝင်ခင် မျက်နှာသစ်ဖို့ အရေးကြီးပါတယ်။ မိတ်ကပ်မဖျက်မိလို့ မျက်လုံးတွေနီလာမယ်၊ နာကျင်လာမယ်ဆိုရင်တော့ ဆရာဝန်ထံ အမြန်ဆုံးသွားရောက်ပြသသင့်ပါတယ်။

 

 

၁၀။ ဘေးအန္တရာယ်ကာကွယ်တဲ့ မျက်မှန်တွေကို မဝတ်ခြင်း။

 

ဝရိန်ဆော်တာပဲဖြစ်ဖြစ်၊ အားကစားလုပ်နေတဲ့အချိန်ပဲဖြစ်ဖြစ် ဘေးအန္တရာယ် ကာကွယ်ပေးတဲ့ မျက်မှန်တွေကသာ သင့်မျက်လုံးပျက်စီးခြင်းကို ကာကွယ်ပေးနိုင်မှာပါ။ ဒါကြောင့် သင့်အနေနဲ့ လုပ်ရိုးလုပ်စဉ် မဟုတ်တဲ့ အလုပ်တစ်ခုကို လုပ်ကိုင်တဲ့အခါမှာ ဒီလို လေကာ၊ ရေကာမျက်မှန်တွေကို ဝတ်ပြီး မျက်လုံးကို ကာကွယ်ဖို့အတွက် ပြင်ဆင်ဖို့ လိုပါလိမ့်မယ်။

 

 

၁၁။ မိသားစု မျိုးရိုးကို မစစ်ဆေးခြင်း။

 

သင့်မိသားစုထဲမှာ မျက်လုံးရောဂါ တစ်ခုခုရှိမယ်ဆိုရင် ဒါကိုသိထားဖို့လိုပါတယ်။ ဒါမှသာ ရောဂါ ဖြစ်လာတာနဲ့တစ်ပြိုင်နက် ကုသမှုခံယူနိုင်မှာပါ။ လေ့လာချက်တွေအရ မျက်လုံးကန်းရခြင်းရဲ့ အဓိက အကြောင်းရင်း ၂ ခုဖြစ်တဲ့ မျက်လုံးရေတိမ် (glaucoma) နဲ့ Macular Degeneration လို့ခေါ်တဲ့ မျက်လုံး အာရုံခံလွှာ အလယ်တည့်တည့်အပိုင်း ပျက်စီးတဲ့ရောဂါတို့ဟာ မျိုးရိုးဗီဇနဲ့ ဆက်နွှယ်နေတယ်လို့ ဆိုပါတယ်။

 

 

၁၂။ မျက်မှန်ကို ပုံမှန်မဝတ်ခြင်း။

 

သင့်ရဲ့ အမြင်အာရုံဟာ အချိန်နဲ့အမျှပြောင်းလဲနေပါတယ်။ သင့်မျက်လုံး ကျန်းမာရေးအတွက် ဒီအမြင်အာရုံတွေ ပြောင်းလဲလာတာကို အချိန်နဲ့တစ်ပြေးညီ သတိထားဖို့လိုပြီး အမြင်အာရုံ ပြောင်းလဲ လာတာနဲ့တစ်ပြိုင်နက် ဆရာဝန်နဲ့သွားပြမယ်ဆိုရင် အမြင်အာရုံ ဆိုးဆိုးရွားရွား မပျက်စီးနိုင်အောင် ကာကွယ်နိုင်မှာပါ။

 

 

၁၃။ဆေးလိပ်သောက်ခြင်း။

 

ဆေးလိပ်သောက်ခြင်းဟာ ခန္ဓာကိုယ်ရဲ့ တစ်ခြားသော ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ပျက်စီးစေနိုင်သလိုပဲ မျက်လုံးကိုလည်း ပျက်ဆီးစေနိုင်ပါတယ်။ ဆေးလိပ်သောက်မယ်ဆိုရင် မျက်စိအတွင်းတိမ်ဖြစ်လာခြင်း၊ အမြင်အာရုံဆိုင်ရာ နာဗ်ကြောများ ပျက်စီးလာခြင်း၊ မျက်လုံးအာရုံခံလွှာ အလယ်တည့်တည့်အပိုင်း ပျက်စီးတဲ့ ရောဂါ (Macular Degeneration) တို့ ဖြစ်လာနိုင်ပါတယ်။ ဒီအချက်တွေအားလုံးက နောက်ဆုံးမှာ မျက်လုံးကန်းသည်အထိ ဖြစ်စေနိုင်ပါတယ်။

 

 

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

 

 

"ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့်ဆေးပညာဝက်ဘ်ဆိုဒ် Helloဆရာဝန် www.hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်" 

 

http://myanmardigital.news/sites/default/files/hello%20sayarwon%20%282%29.jpg