နေပြည်တော်၊ မတ် ၅
မျက်မှောက်ခေတ် နိုင်ငံ့စီးပွားရေး နှင့် အံဝင်ခွင်ကျဖြစ်စေမည့် စိုက်ပျိုးမွေးမြူးရေး ပညာရပ်များအဖြစ် တိုးတက်ပြောင်းလဲလာရန် လိုအပ်လျက်ရှိရာ သုတေသနနှင့် နည်းပညာရပ်များ၊ လက်တွေ့ အသုံးချ ပညာရပ်များ၌ သင်ကြားသင်ယူမှု တာဝန်ရှိသူအားလုံးတို့က စဉ်ဆက်မပြတ် ကြိုးပမ်းသွားကြစေ လိုကြောင်း ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်ရှိ ငါးလုပ်ငန်းသိပ္ပံ၌ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး က ပြောကြားသည်။
ယင်းနောက်ဒုတိယဝန်ကြီးသည် အသစ်တည်ဆောက်လျက်ရှိသည့် ဓာတ်ခွဲခန်း၊ ကျောင်းသား အိပ်ဆောင်၊ ထမင်းစားဆောင်၊ နှစ်ထပ်စာသင်ဆောင်နှင့် ကျောင်းသူအိပ်ဆောင်များ ဆောက်လုပ် နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ငါးလုပ်ငန်းသိပ္ပံ(တွံတေး)၌ ငါးလုပ်ငန်းနှင့် ရေသတ္တဝါမွေးမြူရေး ဒီပလိုမာ(၃)နှစ် သင်တန်းဖွင့်လှစ်ပေး ထားပြီး အဆိုပါသင်တန်းများတွင် တက်ရောက်လေ့လာသင်ယူကြ မည့် သင်တန်းသား သင်တန်းသူများ ၏ နေထိုင်စားသောက်ရေး၊ သင်ယူရေးလုပ်ငန်းများ အဆင်ပြေ ချောမွေ့စေရေးအတွက် မွမ်းမံပြင်ဆင် ခြင်းနှင့် လိုအပ်ချက်များ ဖြည့်ဆည်းပေးခြင်းကို ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်လျက်ရှိသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ထန်းတစ်ပင်မြို့နယ်ရှိ ပုဂ္ဂလိက အလှမွေးငါးရောင်းဝယ်ရေး လုပ်ငန်းကို ကြည့်ရှုအားပေးပြီး မြန်မာနိုင်ငံ အလှမွေးငါးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ဒေသမျိုးရင်း အလှမွေးငါးမျိုးစိတ်များ မျိုးသုဉ်းခြင်းမှု ကာကွယ်တားဆီးရေး ၊ သန္တာကျောက် တန်းများ ပျက်စီးဆုံးရှုံးမှု မဖြစ်ပေါ်စေရေး၊ ပြည်တွင်းအလှမွေးငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ပြည်ပသို့ တင်ပို့ရောင်းချနိုင်ရေး အတွက် အလှမွေးငါးမွေးမြူရေးဇုန်များ ဖော်ဆောင်ရန်လိုအပ်ချက်များကို ဆွေးနွေးကြသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ထန်းတစ်ပင်မြို့နယ်၊ နဲသမိန်ကျေးရွာရှိ ဖိုးခွားရေချိုပုစွန်သားပေါက် မွေးမြူရေးကန်တွင် ပုစွန်သားပေါက်များမွေးမြူထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး ပုဂ္ဂလိကပုစွန်မွေးမြူရေး လုပ်ငန်းရှင်များကို လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များ ဖြည့်စွက်ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)