မက်မန်း၊ ၂၁ ဇွန်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မက်မန်းမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော မြစိမ်းရောင်ကျေးရွာ စီမံကိန်း ဝင် ကျေးရွာများအနက် အေးကျန့်ကျေးရွာအုပ်စု၊ အေးကျန့်ကျေးရွာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အရောင်းအဝယ် လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင်အသင်းသား (၁၈)ဦးတို့အား မြို့နယ် ဦးစီးမှူးနှင့် ဝန်ထမ်းများက ဇွန် ၂၀ ရက်တွင် သွားရောက်တွေ့ဆုံသည်။
မြို့နယ်ဦးစီးမှူး ဦးမိုင်းညီဇော်လှအောင်က စီမံကိန်းချေးငွေဖြင့် မိသားစုဝင်ငွေတိုးစေမည့် လုပ်ငန်းများကို ရွေးချယ်လုပ်ကိုင်ပြီး သတ်မှတ်ကာလတွင် အရင်းနှင့်အတိုး ပြန်လည်ပေးဆပ်ရမည် ဖြစ်ပြီး ၎င်း ပြန်လည်ပေးဆပ်သည့် ချေးငွေများအား မက်မန်းဒေသအတွင်း ကျေးရွာအချို့များကို ပြန်လည် ထုတ်ချေးပေးသွားမည့်အပြင် မိမိတို့ကို ထုတ်ချေးပေးသည့် ငွေသားများသည် အများပိုင်ငွေကြေး တစ်ရပ် ထူထောင်ပေးခြင်းဖြစ်ကြောင်း ထိန်းသိမ်းစောင့်ရှောက်ရန် ဒေသခံများအနေဖြင့် အားလုံး ဝိုင်းဝန်းထိန်းသိမ်းရမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ယင်းနောက် စီမံကိန်းရန်ပုံငွေ ကျပ်သိန်းပေါင်း (၃၃၂ ဒသမ ၈၄)သိန်းဖြင့် အေးကျန့်ကျေးရွာတွင် စိုက်ပျိုးရေးလုပ်ကိုင် ဆောင်ရွက်သည့် ချေးငွေအသင်းသား(၁၃)ဦး၊ မွေးမြူရေး လုပ်ကိုင်သည့် ချေးငွေ အသင်းသား (၅)ဦးနှင့် အရောင်းအဝယ် လုပ်ကိုင်ဆောင်ရွက်သည့် ချေးငွေအသင်းသား (၁)ဦး စုစုပေါင်း (၁၉)ဦးတို့၏ မြေပြင်ဆောင်ရွက်နေမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
မက်မန်း(ပြန်/ဆက်)


