နေပြည်တော် မေ ၁၃

 

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတကာနှင့် တစ်ကမ္ဘာလုံးကို အန္တရာယ်ပေးနေသည့် အွန်လိုင်းလိမ်လည်လောင်းကစားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူကာ မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေးအတွက် ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံ အစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ တက်ကြွစွာဆောင်ရွက်လျက်ရှိရာ မေ ၁၂ ရက်နှင့် ယနေ့တို့တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၉၀ ကို လုပ်ငန်းလုပ်ကိုင်ရာတွင် အသုံးပြုသည့်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ 

 

ရှမ်းပြည်နယ် (မြောက်ပိုင်း) မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ် အရှေ့ဘက်ကမ်းတစ်လျှောက်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ဆောင်နေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ရှာဖွေစစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မေ ၁၂ ရက် ညနေ ၄ နာရီခန့်တွင် မက်မန်းမြို့၏ အနောက်တောင်ဘက် ၅၅ ကီလိုမီတာခန့်အကွာရှိ သံလွင်မြစ်အနီး၌ အွန်လိုင်းလိမ်လည် လောင်းကစားမှုများ လုပ်ကိုင်ရာတွင် အသုံးပြုသည့် အလျားပေ ၈၀၊ အနံပေ ၄၀ ရှိ လူနေမိုးကာတဲ သုံးလုံးနှင့် စားဆောင်မိုးကာတဲ တစ်လုံး၊ အလျားပေ ၆၀၊ အနံပေ ၂၀ ရှိ နှစ်ထပ် အိပ်စင်ပါ လူနေမိုးကာတဲ ငါးလုံး၊ ပေ ၂၀ ပတ်လည်ရှိ လူနေမိုးကာတဲ ၁၂ လုံး၊ အလျားပေ ၄၀၊ အနံပေ ၂၀ ရှိ ဆေးစတို တစ်လုံးနှင့် ရေချိုးခန်း၊ အိမ်သာ တစ်လုံး၊ အလျားပေ ၃၀၊ အနံပေ ၂၀ ရှိ မီးစက်မိုးကာတဲ တစ်လုံး၊ အလျား ပေ ၈၀၊ အနံပေ ၄၀ ရှိ လုပ်ငန်း လုပ်ဆောင်သည့် အဆောင် နှစ်လုံး၊ အလျားပေ ၄၀၊ အနံပေ ၁၀ ရှိ ရေချိုးခန်းအဆောင် တစ်လုံး၊ အလျားပေ ၁၀၀၊ အနံပေ ၃၀ ရှိ လူနေဆောင် တစ်လုံး၊ အလျား ပေ ၆၀၊ အနံပေ ၂၀ ရှိ လူနေဆောင် နှစ်လုံး၊ အလျားပေ ၈၀၊ အနံပေ ၂၀ ရှိ လူနေဆောင် တစ်လုံး၊ မီးစက် ရှစ်လုံး၊ All in One ကွန်ပျူတာ အလုံး ၄၀၊ Desktop တစ်လုံး၊ CPU တစ်လုံး၊ Laptop ခုနစ်လုံး၊ Starlink ရှစ်လုံး၊ ဆိုလာအကြီး၊ အသေး ကိုးချပ်၊ ဒိုင်နမို နှစ်လုံး၊ ပန်ကာ ခုနစ်လုံး၊ Power Station 3500 W နှစ်လုံးနှင့် ဝိုင်ဖိုင်စက် ၁၀ လုံးတို့ကို လည်းကောင်း၊ ထပ်မံ၍ ဆက်လက်ရှင်းလင်းရာ အဆိုပါနေရာတစ်ဝိုက်မှ အလျားပေ ၆၀၊ အနံပေ ၂၀ ရှိ လုပ်ငန်းလုပ်ဆောင်သည့်အဆောင် နှစ်လုံး၊ လူ ၂၀ ဆံ့ လူနေတဲ ၁၅ လုံး၊ ဆိုင်ကယ် နှစ်စီး၊ ရေခဲသေတ္တာ နှစ်လုံး၊ Freezer ငါးလုံးနှင့် မီးစက် သုံးလုံးတို့ကိုလည်းကောင်း ထပ်မံတွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။

 

လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အဆိုပါ နေရာတစ်ဝိုက် သံလွင်မြစ်ကမ်း တစ်လျှောက်၌ ရှာဖွေစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်ရာ ယနေ့ နံနက် ၇ နာရီခွဲခန့်တွင် မက်မန်းမြို့၏ အနောက်တောင်ဘက် ၅၀ ကီလိုမီတာခန့်အကွာ သံလွင်မြစ် အနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ လုပ်ကိုင်ပြီး ထွက်ပြေးတိမ်းရှောင် နေသည့်တရားမဝင် တရုတ်နိုင်ငံသား ၁၈ ဦး ပါဝင်သော အဖွဲ့ တစ်ဖွဲ့၊ ၁၉ ဦး ပါဝင်သောအဖွဲ့ တစ်ဖွဲ့၊ ၂၁ ဦး ပါဝင်သောအဖွဲ့တစ်ဖွဲ့ နှင့် ၁၇ ဦးပါဝင်သော အဖွဲ့တစ်ဖွဲ့ တို့ဖြင့် စုစုပေါင်းတရားမဝင် တရုတ်နိုင်ငံသား ၇၅ ဦးကို တွေ့ရှိဖမ်းဆီး ရမိခဲ့ပြီးညနေ ၅နာရီခန့်တွင် အဆိုပါ အနီးတစ်ဝိုက်၌ တရားမဝင် တရုတ်နိုင်ငံသား ၁၅ ဦးကို ထပ်မံတွေ့ရှိ ဖမ်းဆီးရမိခဲ့ရာ စုစုပေါင်း တရားမဝင် တရုတ်နိုင်ငံသား ၉၀ ကို တွေ့ရှိဖမ်းဆီးရမိခဲ့သည်။ 

 

ထို့ပြင် ၎င်းတို့အား ဖမ်းဆီးရမိခဲ့သည့် နေရာတစ်ဝိုက်မှ အွန်လိုင်းလိမ်လည် လောင်းကစားမှုလုပ်ငန်းများ လုပ်ဆောင်ရာတွင် အသုံးပြုသည့် အလျားပေ ၅၀၊ အနံ ၁၅ ပေရှိ စားဆောင် တစ်လုံး၊ အလျား ၁၀ ပေ၊ အနံ ခြောက်ပေရှိ လူနေတဲ အလုံး၂၀၊ အလျားပေ ၂၀၊ အနံ ၁၅ ပေရှိ ဆန်ဂိုဒေါင် တစ်လုံး၊ အလျား ရှစ်ပေ၊ အနံ ငါးပေရှိ လျှပ်စစ်ဂိုဒေါင် တစ်လုံး၊ အလျား ၁၀ ပေ၊ အနံ ငါးပေရှိ ဆေးဂိုဒေါင် တစ်လုံး၊ အလျား ပေ ၄၀၊ အနံ ၁၅ ပေရှိ စားချက်ဆောင် တစ်လုံး၊ အလျား ၁၀ ပေ၊ အနံ ငါးပေရှိ ဂိတ်ဝင်/ ထွက်ဆောင် တစ်လုံး၊ အလျားပေ ၄၀၊ အနံ ၁၅ ပေရှိ ရိက္ခာဂိုဒေါင် တစ်လုံး၊ အလျား ၁၅ ပေ၊ အနံ ၁၀ ပေရှိ မီးစက်ထားသည့်အဆောင် တစ်လုံး၊ အလျား ၁၀ ပေ၊ အနံ ငါးပေရှိ အထွေထွေဂိုဒေါင် တစ်လုံး၊ ဆန်အိတ် ၁၀၀၊ မီးစက် ငါးလုံး၊ Freezer သုံးလုံး၊ ဂက်စ်အိုး အလုံး ၂၀၊ ၁၄ ကန့်ပါ ထမင်းပေါင်းအိုး တစ်လုံး၊ ငါးထပ်သားပြား ၈၉ ပြား၊ ဆိုင်ကယ် လေးစီးနှင့် Star Link နှစ်လုံးတို့ကိုလည်းကောင်း၊ အဆိုပါနေရာမှ ထပ်မံရှာဖွေစစ်ဆေးရာ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်ရာတွင် အသုံးပြုသည့် အလျားပေ ၈၀၊ အနံပေ ၃၀ ရှိ အမျိုးသမီးအိပ်ဆောင် တစ်လုံး၊ အလျားပေ ၈၀၊ အနံပေ ၄၀ ရှိ အမျိုးသားအိပ်ဆောင် တစ်လုံး၊ အလျားပေ ၃၀၊ အနံ ၁၅ ပေရှိ မီးဖိုဆောင် တစ်လုံး၊ အလျား ၁၅ ပေ၊ အနံ ငါးပေရှိ ခုနစ်လုံးတွဲအိမ်သာ တစ်လုံး၊ အလျားပေ ၃၀၊ အနံ ၁၅ ပေရှိ ရေချိုးကန် တစ်လုံး၊ ငါးပေပတ်လည်ကင်းတဲ တစ်လုံး၊ အလျား ကိုးပေ၊ အနံ ငါးပေရှိ ရေတိုင်ကီအပါ ရေသန့်စက် တစ်လုံး၊ အလျားပေ ၆၀၊ အနံ ၂၅ ပေရှိ လူနေဆောင် တစ်လုံး၊ အလျားပေ ၅၀၊ အနံ ၂၅ ပေရှိ ပစ္စည်းသိုလှောင်ရုံ တစ်လုံး၊ မီးစက်အကြီးလေးလုံး၊ ရေခဲသေတ္တာအကြီး လေးလုံး၊ ထမင်းပေါင်းအိုးအကြီး တစ်လုံး၊ ပလတ်စတစ်ထိုင်ခုံ အလုံး ၃၀၊ ဒီဇယ်ဆီထည့်သည့် ပုံးအပြာ ၁၀ လုံး၊ ဆီတစ်ဝက်ပါ ဆီပီပါတစ်လုံးနှင့် ဆက်စပ်ပစ္စည်းများကိုလည်းကောင်း ထပ်မံတွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။ 

 

အဆိုပါ သိမ်းဆည်းရမိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ဖမ်းဆီးရမိသူများကိုလည်း ဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် နောက်ကွယ်မှ ပါဝင်ပတ်သက်သူများကိုလည်း စိစစ်ဖော်ထုတ်ကာ တရားဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 

 

မြန်မာနိုင်ငံအစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှုများနှင့် အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိနေပြီး အွန်လိုင်းလိမ်လည် လောင်းကစားမှုတွင် တစ်နည်းနည်းဖြင့် ပါဝင်ပတ်သက်နေသည့် ပြည်ပနိုင်ငံသားများကိုလည်း တရားဥပဒေနှင့်အညီ စစ်ဆေးကာ လူသားချင်း စာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ သက်ဆိုင်ရာ နိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးခြင်းများ၊ အဓိကပြစ်မှုကျူးလွန်ခဲ့သူများကိုလည်း ဖမ်းဆီးထိန်းသိမ်းပြီး သက်ဆိုင်ရာအစိုးရအဖွဲ့ထံ တရားဝင်လွှဲပြောင်းပေးခြင်းများနှင့် တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

 

သတင်းစဉ်