မျက်မှန်ပါဝါ ရှာဖွေခြင်းနည်းပညာ၏ သော့ချက်

ပြည့်အောင်(COA)

 

မျက်မှန်ပါဝါရှာဖွေခြင်း နည်းပညာသည် မျက်စိကုသမှု ပညာရပ်နယ်ပယ်၏ အရေးပါသော ဘာသာရပ်တစ်ခု အဖြစ်ရပ်တည်လျက် လွန်ခဲ့သော ဆယ်စုနှစ်များကနှင့်မတူ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လျက်ရှိ၏။ ယခုခေတ်တွင် ပုဂ္ဂလိကပိုင် ခေတ်မီမျက်စိ အထူးကုဆေးရုံကြီးများ၊ နိုင်ငံတော်ပိုင် မျက်စိအထူးကုဆေးရုံကြီးများနှင့် တစ်နိုင်တစ်ပိုင် မျက်စိဆေးခန်း များအပြင် ဇီဝိတဒါန ကုသိုလ်ဖြစ် မျက်စိဆေးရုံ၊ ဆေးခန်းများလည်း ပေါ်ပေါက်လာကြသည်ကို သတိပြုမိကြမည်ဖြစ်၏။ ၎င်းမျက်စိ ဆေးရုံဆေးခန်းများတွင် မျက်မှန်ပါဝါရှာဖွေပေးသည့် ဌာနများကိုလည်း မျက်စိကုသမှု၏ ကဏ္ဍတစ်ရပ်အဖြစ် မပါမဖြစ် ထည့်သွင်းလာကြရပါသည်။ ထို့ပြင် နိုင်ငံပေါင်းစုံရှိ ကုမ္ပဏီများမှထုတ်လုပ်သော အမှတ်တံဆိပ် အမျိုးမျိုးရှိသည့် မျက်မှန်များကို အပြိုင်အဆိုင် ရောင်းချကြသော မျက်မှန်ဆိုင်ကြီးငယ်များလည်း ဖွင့်လှစ်လာကြသည်ကို တွေ့မြင်ကြရမည် ဖြစ်ပါသည်။

 

အချိန်ကိုအကျိုးရှိစွာ အသုံးချ
နည်းပညာလောက၌ ဦးဆောင်လျက်ရှိသော နိုင်ငံအသီးသီးမှ အပြိုင်အဆိုင် ထုတ်လုပ်လာကြသော ကွန်ပျူတာနည်းစနစ်သုံး မျက်မှန်ပါဝါ ရှာဖွေသည့်စက်များ (Auto refractometers)၊ မျက်စိအမြင်စွမ်းရည်ကို စစ်ဆေးရန် အထူးပြုလုပ်ထားသော ပရိုဂျက်တာများ (Visual test projectors)၊ မျက်မှန်ပါဝါ စစ်ဆေးသည့် ခေတ်မီကိရိယာများ (Digital Visiontesters) စသည့် အမျိုးအစား စုံလင်လှသည့် ခေတ်မီကိရိယာအမျိုးမျိုးကို မျက်မှန်ပါဝါရှာဖွေသည့် ပညာရပ်နယ်ပယ်၌ တွင်ကျယ်စွာ သုံးစွဲလာကြပြီ ဖြစ်ပါသည်။ ထိုပြောင်းလဲမှုများနှင့်အတူ မျက်မှန်ပါဝါ ရှာဖွေပေးသူပညာရှင် (Optometrist or Refractionist)  များသည်လည်း မိမိတို့၏ နယ်ပယ်၌ အထူးနှံ့စပ်ကျွမ်းကျင်သူ (Professional) များအဖြစ် ခေတ်၏လိုအပ်ချက်နှင့်အညီ ပြောင်းလဲလာ ကြရပြီဖြစ်၏။ သို့ဖြစ်ရာ ၎င်းတို့သည် မျက်စိစမ်းသပ်စစ် ဆေးသည့် ဒစ်ဂျစ်တယ်ကိရိယာအမျိုးမျိုးနှင့် ရင်းနှီး ကျွမ်းဝင်လျက် ဂရုတစိုက် သတိနှင့်ယှဉ်၍ အလုပ်လုပ်ကြရသည့်အပြင် လူနာများနှင့် ဆက်ဆံကြရသည့်အတွက် အချိန်ကို အကျိုးရှိစွာ အသုံးချကြရမည့် အခြေအနေကိုလည်း ရင်ဆိုင်နေကြရပါသည်။

 

ထိုကဲ့သို့သောအချိန်လေလွင့်မှု အဖြစ်မခံနိုင်သည့် ခေတ်၏လိုအပ်ချက်ကို အမီလိုက်ရန်အတွက် လျင်မြန်စွာ အဖြေထုတ် ပေးနိုင်သည့် ခေတ်မီစက်ကိရိယာများကို မဖြစ်မနေ အားကိုးလာကြရ၏။ ကွန်ပျူတာနည်း စနစ်များကို အသုံးပြုထားပါသည်ဟု ညွှန်းဆိုထားသော မျက်မှန်ပါဝါ ရှာဖွေစမ်းသပ်စစ်ဆေးပေးသည့် ကိရိယာများအပေါ် အားကိုးယုံကြည်မှု များလွန်ကဲလာသော အခါ ပုဂ္ဂိုလ်ရေးဆိုင်ရာ ယုံကြည်အားထားမှု စံနှုန်းများ လျော့ကျလာပါသည်။ လူနာနှင့် ပညာရှင်တို့၏ ဆက်ဆံရေးကိုလည်း အဆိုးဘက်သို့ ယိုင်စေပြီး မှားယွင်းသောရလဒ်များကို ထွက်ပေါ်လာစေပါသည်။ မျက်မှန်ဆိုင် ဖွင့်လှစ်ရောင်းချသူများပင်လျှင် မျက်မှန်ပါဝါ ရှာဖွေခြင်းကို ပရော်ဖက်ရှင်နယ်များမဟုတ်သော်လည်း ခေတ်မီစက်ကိရိယာများအားကိုးဖြင့် ကိုယ်တိုင်လုပ် ကိုင်လာကြသည်ကို တွေ့ကြရမည်ဖြစ်ပါသည်။

 

ယုံကြည်ကိုးစားမှုရရှိရန် ကြိုးစား
ခေတ်မီစက်ကိရိယာများသည် မျက်မှန်ပါဝါရှာဖွေရာတွင် အထောက်အကူဖြစ်စေသော်လည်း ရာနှုန်းပြည့် မှန်ကန်သည်ဟူ၍ မမှတ်ယူသင့်ပါ။ အမှန်စင်စစ် ခလုတ်နှိပ်၍ အဖြေကိုထုတ်သောအလုပ်ထက် ပို၍နက်နဲသိမ်မွေ့သော စမ်းသပ်စစ်ဆေးမှု ဖြစ်ကြောင်း နားလည် ထားရပါမည်။ လူသားအချင်းချင်း ဆက်ဆံရေးသဘော တရားမှ ကင်းလွတ်၍မရသည့် မျက်မှန်ပါဝါရှာဖွေ ရသော လုပ်ငန်းမျိုးတွင် လူနာနှင့်ပညာရှင်တို့၏ ဆက်ဆံ ရေးသည် အပြန်အလှန်အားဖြင့် နွေးထွေးညီညွတ်မှုရှိ စေရန် အထူးလိုအပ်ပါသည်။ ပရော်ဖက်ရှင်နယ် ပညာရှင်တစ်ယောက်သည် မိမိလူနာနှင့် နွေးထွေးညီညွတ်သော ဆက်ဆံရေးရ ရှိလာရန် ကြိုးစားအားထုတ် နိုင်ရမည်ဖြစ်သည်။ ကာယကံရှင်လူနာ၏ ပကတိအမြင်ဖြင့် စဉ်းစားဆုံးဖြတ်သော ဆုံးဖြတ်ချက် သည်သာလျှင် စိတ်ချရသော မှန်ကန်သည့်အဖြေဖြစ်ကြောင်း လက်ခံကြရမည် ဖြစ်ပါသည်။ သို့မှသာ မိမိအနေဖြင့် ရလဒ် ကောင်းကို အချိန်တိုအတွင်း ရရှိနိုင်မည်ဖြစ်၏။ အရေးကြီးသည်မှာ မျက်စိစမ်းသပ်စစ်ဆေးမှု အတွေ့အကြုံသစ်ကို ရရှိစေမည့် လူနာနှင့် မျက်စိစမ်းသပ် စစ်ဆေးပေးမည့် ပညာရှင်တို့ ပထမဦးဆုံးဆုံတွေ့ကြရသည့် ကာလတိုလေးပင် ဖြစ်ပါသည်။ ထိုအချိန်ကာလသည် ဒုတိယအကြိမ် ပြန်မရနိုင်သကဲ့သို့ မိမိအပေါ် လူနာ၏ ယုံကြည်ကိုးစားမှုရရှိရန် ကြိုးစားရမည့် တန်ဖိုးရှိသော အချိန်လည်း ဖြစ်ပါသည်။

 

ထိုသို့ တိုတောင်းလှသောအချိန်အတွင်း၌ လူနာအား အကဲခတ်လေ့လာရန် လိုအပ်သကဲ့သို့ မိမိ၏ ကိုယ်အမူအရာ နှုတ်အမူအရာများကို သတိထားရန်လည်း လိုပါသည်။ အဘယ်ကြောင့်ဆိုသော် ယင်းအချိန်၌ ကောင်းမွန်သော ညီညွတ်သည့် ဆက်ဆံရေးကို ရရှိနိုင်သကဲ့သို့ မိမိ၏ မျက်မှန်ပါဝါရှာဖွေပေးသည့်လုပ်ငန်းကို နှောင့် နှေးသွားစေနိုင်သည့် ဆက်ဆံရေးမျိုးလည်း ပေါ်ပေါက် လာနိုင်သောကြောင့် ဖြစ်ပါသည်။

 

နွေးထွေးသောဆက်ဆံရေး
သို့ဖြစ်ရာ လူနာနှင့် ရှေးဦးစွာတွေ့ဆုံချိန်၌ ထိုက်သင့်သော ရင်းနှီးမှုရရှိရန် ကြိုးစားနိုင်ရပါမည်။ လိုအပ်ပါက မိမိကိုယ်ကို မိတ်ဆက်ခြင်း၊ လူနာ၏အမည်ကို (မှတ်တမ်းစာအုပ်တွင် ရေးမှတ်ရန်မေးခြင်းမျိုး မဟုတ်ဘဲ) တရင်းတနှီးမေးမြန်းခြင်း၊ နေထိုင်ရာ ဒေသကို (ဘယ်ကလာတာလဲ၊ ဘယ်မှာနေတာလဲ စသည်ဖြင့်) မေးမြန်းခြင်း၊ ခရီးလမ်းပန်း အခြေအနေကို ပြောစေခြင်း (လမ်းခရီးဝေးသလား၊ သွားရေးလာရေးအဆင်ပြေရဲ့လား) စသည်ဖြင့် နွေးထွေးသော ဆက်ဆံရေးကို တည်ဆောက်ရပါမည်။

 

အခေါ်အဝေါ်အားဖြင့်လည်း မိမိထက်အသက်ကြီး သူ၊ အသက်ငယ်သူ၊ ရွယ်တူတန်းတူ စသည်ဖြင့် သင့်တော်သော စကားလုံးများကို ရွေးချယ်သုံးနှုန်းရပါမည်။ (အနောက်တိုင်းအလိုအရ အသက်ငယ်ရွယ်သူကို ရှေ့နာမည် (First name)  ကိုခေါ်၍၊ အသက်ကြီးသူ အား နောက်နာမည် (Last Name) ကို ခေါ်ခြင်းကဲ့သို့ မိမိတို့အသိုင်းအဝိုင်းတွင်လည်း၊ အဘိုး၊ အဘွား၊ ဦးလေး၊ ဒေါ်လေး၊ ညီငယ်၊ ညီမငယ် စသည်ဖြင့် နမ်စားခေါ် ဝေါ်ခြင်းမျိုးကို သုံးစွဲရမည်ဖြစ်၏)။ အကောင်းဆုံးမှာ နာမည်ရင်းကို ခေါ်ခြင်းဖြစ်ပြီး မိမိအမည်တပ်၍ ပြောဆိုခြင်းကို များသောအားဖြင့် နှစ်သက်ကြပါသည်။ အကယ်စင်စစ် ထိုမိတ်ဆက်သော ကာလတိုလေးသည် မိနစ်ပိုင်းပင်မရှိဘဲ စက္ကန့်အနည်းငယ်မျှသာရှိကြောင်း လက်တွေ့ကျင့်သုံးကြည့်ပါက တွေ့ကြရမည်ဖြစ်ပါ သည်။

 

အထောက်အကူဖြစ်
ကုသမှုရာဇဝင်ရယူခြင်းကို ဒုတိယအဆင့်တွင်မှ ပြုလုပ်သင့်ပါသည်။ မေးမြန်းရာတွင်လည်း မျက်စိကုသမှုရာဇဝင်မျှသာ မဟုတ်ဘဲ လူနာ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းနှင့် လူမှုဘဝအခြေအနေများကိုလည်း စူးစမ်းမေးမြန်းသင့်ပါသည်။ ဒေသန္တရအခြေ အနေများ၊ မိသားစုတာဝန်နှင့် မိသားစုဝင်အရေအတွက် စသည်တို့ကိုလည်း သိထားသင့်ပါသည်။ ၎င်းအခြေအနေများကို သိရှိခြင်းအားဖြင့် မျက်စိအမြင်အာရုံဆိုင်ရာ ပြဿနာများ၏ဇာစ်မြစ်ကို စဉ်းစားရာတွင် အထောက်အကူ ဖြစ်စေပါသည်။ လူနာများဘက် ကလည်း မိမိတို့၏ဒေသအကြောင်း၊ မိသားစုဝင်များအကြောင်းကို ပြောပြခွင့်ရသည့်အတွက် ကျေနပ်နှစ် သိမ့်မှုများရ၍ နွေးထွေးသော ဆက်ဆံရေးကို ခိုင်မာစေ မည်ဖြစ်ပါသည်။

 

ထို့ပြင် လူနာတစ်ဦးချင်းစီနှင့် ပတ်သက်သော ထူးခြားသည့် အကြောင်းအရာအချို့ကိုလည်း ကုသမှုမှတ်တမ်း စာအုပ်တွင် (ရေးလေ့ရေးထမရှိသော်လည်း) ထည့်သွင်း ရေးသားထားသင့်ပါသည်။ ၎င်းအချက်အလက် များသည် မျက်စိကုသရေးဆိုင်ရာ မှတ်ချက်မဟုတ်ဘဲ လူနာ၏ အခြားသောကိစ္စရပ်လည်း ဖြစ်ကောင်းဖြစ် လာနိုင်ပါသည်။ (ဥပမာ-၎င်းနှင့် ဆေးခန်းတွင် ပထမ ဦးဆုံး စတင်တွေ့ဆုံစဉ်က အာလာပသလ္လာပ ပြောကြားခဲ့သော အကြောင်းအရာတစ်ခုခု၏ အတိုကောက်မှတ်ချက်) ထိုမှတ်ချက်သည် နောက်တစ်ကြိမ်လာ ရောက်သောအခါ၌ လူနာနှင့် မျှတညီညွတ်သော ဆက်ဆံရေးကို ရရှိစေရန် အထောက်အပံ့ပြုသောကြောင့် ဖြစ်ပါသည်။ သို့ဖြစ်ရာ လူနာနှင့် မတွေ့ဆုံမီ လူနာမှတ်တမ်းစာအုပ်အား ရှေးဦးစွာ လေ့လာခြင်းသည်လည်း လွန်စွာအရေးကြီးပါသည်။

 

ဆွေးနွေးအဖြေရှာ
မျက်မှန်ပါဝါရှာဖွေခြင်းအဆင့်တွင် စိတ်ဝင်တစားဖြင့် အချိန်ယူဆောင်ရွက်ရပါမည်။ မျက်မှန်တပ်ရန် လိုအပ်သောလူနာအတွက် အချိန်လုံလောက်စွာ ပေးရပါမည်။ အကယ်၍ မျက်မှန်ပါဝါရရှိရန် စမ်းသပ်စစ်ဆေးမှုကို အဆောတလျင်ပြုလုပ်ပါက လူနာကို ပို၍ ခက်ခဲပင်ပန်းစေပါမည်။ အဘယ်ကြောင့်ဆိုသော် လူနာ၏စိတ်၌ အဖြေမှားသွားမည်ကို စိုးရိမ်သည့်စိတ် ပေါ်ပေါက်လာနိုင်သော ကြောင့် ဖြစ်ပါသည်။ ထိုသို့ဖြစ်လျှင် မိမိအတွက် ရလဒ်ကောင်းနှင့် ပို၍အလှမ်းဝေး သွားမည်ဖြစ်၏။ သို့ဖြစ်ရာ သင့်တော်မည့် အမြင စစ်ဆေးမှုပုံစံကို အချိန်ယူ၍ ရွေးချယ်ပါ၊ လူနာအား ကိုယ်ရောစိတ်ပါ ပေါ့ပေါ့ပါးပါး ရှိနေစေရန် ဖန်တီးပေးပါ၊ စစ်ဆေးမေးမြန်းသည့်ပုံစံ မဖြစ်စေဘဲ ဆွေးနွေးအဖြေ ရှာသည့်ပုံစံဖြင့် စိတ်ဝင်တစားရှိလာစေရန် ကြိုးစား ပါ။ ထိုအခါ လူနာနှင့် ပညာရှင်တို့အကြား၌ နွေးထွေးသောဆက်ဆံရေးကို တည်ဆောက်နိုင်ပြီး သင့်တော်မှန်ကန်သည့် မျက်မှန်ပါဝါကို ရရှိလာမည် ဖြစ်ပါသည်။

 

အကယ်၍ လူနာသည် မျက်မှန်ပါဝါစစ်ဆေး ရှာဖွေရန်အတွက် သင့်တော်သောကျန်းမာရေးအခြေ အနေမရှိလျှင် သော်လည်းကောင်း၊ မျက်စိခွဲစိတ်ကုသ မှုပြုမှသာ အမြင်အာရုံတိုးတက်လာနိုင်သော အခြေ အနေရှိနေလျှင်သော်လည်းကောင်း အထွေထွေရောဂါကု သမားတော်ကြီးများ၊ မျက်စိခွဲစိတ်အထူးကု ဆရာဝန်ကြီးများနှင့် ပြသရန် တရင်းတနှီး တိုက်တွန်းပေးရမည် ဖြစ်ပါသည်။

 

သတိထားသင့်သောအချက်မှာ မျက်မှန်ပါဝါစမ်းသပ် ရှာဖွေနေသာ ကာလတိုလေးကို တန်ဖိုးရှိအောင် အသုံးချရန်ပင်ဖြစ်ပါသည်။ လူနာအား စမ်းသပ်စစ် ဆေးစဉ်တစ်လျှောက်လုံး စိတ်အနှောင့်အယှက်ဖြစ်စေမည့် အပြုအမူ၊ အပြောအဆိုများကို ရှောင်ကြဉ်ရန် လိုပါသည်။ လူနာ၏ရှေ့တည့်တည့် ပေ ၂၀ (၆ မီတာ) အကွာတွင်ရှိသော အမြင်စစ်ဆေးသည့်သင်္ကေတများ (သို့မဟုတ်) ရုပ်ပုံများအကြောင်းကို လိုရင်းတိုရှင်း ပြောပြထားရပါမည်။ အစကနဦးတွင် ကြည်ကြည်လင်လင် မမြင်ရသေး စေကာမူ ပို၍ကြည်လင်သော အစိတ်အပိုင်းကိုသာ ရွေးချယ်ပေးရန်လိုကြောင်း၊ မှားလျှင်လည်း ပြဿနာမရှိကြောင်း များကို ရှင်းပြရပါမည်။

 

စံချိန်မီအမြင်
လူနာအားမှန်ကန်စွာ ရွေးချယ်နိုင်ရန်အတွက် အချိန်ပေးရပါမည်။ ဇဝေဇဝါ မရေမရာဖြစ်နေလျှင် မေးမြန်းသည့်စာလုံး(သို့) ရုပ်ပုံ၏ပုံစံကို ချက်ချင်းပြောင်းပါ (စာလုံးမှ-အရုပ်ပုံသို့။ စာလုံးအဝိုင်းမှ-စာလုံးလေး ထောင့်သို့ ။စာလုံးအသေးမှ-စာလုံးအကြီးသို့ စသည်ဖြင့် ပြောင်း၍ မေးသင့်ပါသည်)။ လူနာအတွက် သက်သောင့်သက်သာဖြင့် အကြည်လင်ဆုံးအမြင်ကို ရရှိစေနိုင် သောအဆင့်ကို အကောင်းဆုံးအဆင့်အဖြစ် ဆုံးဖြတ်၍ မျက်မှန်ပါဝါကို မှတ်သားရမည်ဖြစ်ပါသည်။ သိထားသင့် သည့်အချက်မှာ လူတိုင်းလူတိုင်းသည် အမြင်အာရုံ သတ်မှတ်ချက်စံနှုန်း (၆/၆ သမ ၂၀/၂၀)ကို ရရှိနိုင်သော ကျန်းမာရေးအခြေ အနေရှိမှသာလျှင် စံချိန်မီ အမြင်ကို ရနိုင်မည်ဟူသော အချက်ပင်ဖြစ်ပါသည်။

 

ရှာဖွေတွေ့ရှိသော မျက်မှန်ပါဝါအကြောင်း၊ ၎င်းပါဝါ ဖြင့်မြင်နိုင်သည့် အကောင်းဆုံးအမြင်စွမ်းရည်အဆင့် စသည့် အခြေအနေ များကို လူနာအားရှင်းပြပေးခြင်း ဖြင့်လည်း လူနာ၏ ကျေနပ်နှစ်သိမ့်မှုနှင့် ယုံကြည်ကိုးစားမှုကို ရရှိစေမည်ဖြစ်ပါသည်။ လူနာ၏ နားလည် နိုင်စွမ်းအခြေအနေပေါ်မူတည်၍ အဓိကကျသော အချက်များကို လိုရင်းတိုရှင်း ပြောပြတတ်ရန်လည်း လိုအပ်ပါသည်။

 

လူသားဆန်သောဆက်ဆံရေး
သို့ဖြစ်ရာ နောက်ဆုံးပေါ်ခေတ်မီစက်ကိရိယာဖြင့် စမ်းသပ်၍ရရှိသော ရလဒ်ပင်ဖြစ်စေကာမူ ၎င်းသည် မသေချာမရေရာ သေးသော အဖြေ (Subjective)  မျှသာဖြစ်၍ လူနာကိုယ်တိုင်ကြည့်ရှု၍ စဉ်းစားဆုံးဖြတ်သော အဖြေသည်သာ သေချာရေရာ သောအဖြေ (Objective) ဖြစ်ကြောင်း လက်ခံရပါမည်။ လူနာနှင့် ပညာရှင်တို့၏ နွေးထွေးသောဆက်ဆံရေးသည် မှန်ကန်သော မျက်မှန်ပါဝါရရှိရေးအတွက် အရေးကြီးသည့်သော့ချက် ဖြစ်သည့်အတွက် လူသားဆန်သောဆက်ဆံရေးဖြင့် ထိုက်သင့်သော အချိန်ကို အသုံးပြုသင့်ပါကြောင်း ပညာရပ်ဆိုင်ရာရှုထောင့်မှ ရေးသားအပ်ပါသည်။

(http//www.newgradoptometry.com တွင်  Machael Hay ရေးသားသော How To Effectively Build Patient Relationship ကို မှီငြမ်းပါသည်)