မျက်နှာသုံးကပ်ခွါတွေမှာ ဘာတွေပါသလဲ

ရေးသားသူ Dr. Thiha Phyo Myint

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

 

 

မျက်နှာသုံးကပ်ခွါတွေဟာ လူကြိုက်အများဆုံး အလှကုန်ပစ္စည်းတွေထဲမှာ တခုအပါအဝင်ဖြစ်ပြီး သင့်မျက်နှာ အရေပြားကို ချောမွေ့စေတဲ့အပြင် အရေပြားဆဲလ်သေတွေကို ဖယ်ရှားပေးတာကြောင့် ပိုမိုကြည့်ကောင်း လာစေပါတယ်။

 

မျက်နှာသုံးကပ်ခွါတွေ ဘယ်လိုအလုပ်လုပ်သလဲဆိုတာကို သိနိုင်ဖို့အတွက် သူ့ရဲ့ ပါဝင်ပစ္စည်းတွေကို ဒီဆောင်းပါးလေးမှာ ဖော်ပြပေးထားပါတယ်။

 

ဒီအလှကုန်ပစ္စည်းမှာ ဘယ်အက်ဆစ်တွေကို အသုံးပြုထားသလဲ။

မျက်နှာကပ်ခွါတွေအားလုံးဟာ အက်ဆစ်တမျိုးမဟုတ် တမျိုးကို အသုံးပြုထားတာချည်းဖြစ်ပါတယ်။ အဆိုပါ အက်ဆစ်တွေဟာ Alpha-Hydroxy Acids (AHA) သို့မဟုတ် Beta-Hydroxy Acids (BHA) အက်ဆစ် အမျိုးအစား နှစ်မျိုးထဲမှာ ပါဝင်လေ့ရှိပါတယ်။

 

အောက်ဖော်ပြပါ ဓာတ်ပစ္စည်းတွေကို တမျိုးတည်းဖြစ်စေ၊ပေါင်းစပ်ပြီးဖြစ်စေ မျက်နှာကပ်ခွါ ပြုလုပ်သုံးစွဲ နိုင်ပါတယ်။

 

Glycolic Acid(AHA)

ဒီအက်ဆစ်တွေဟာ အဆီမှာပျော်ဝင်တဲ့အတွက် အဆီပြန်တဲ့အသားအရေပိုင်ရှင်တွေနဲ့ အထူးသင့်တော်ပြီး မွေးညင်းပေါက်တွေကို အတွင်းပိုင်းထိ ရှင်းလင်းသန့်စင်ပေးကာ ဆားဝက်ခြံနဲ့ အမည်းစက်တွေကို သက်သာပျောက်ကင်းစေပါတယ်။

 

Alpha-Hydroxy Acid (AHAs) ကပ်ခွါရည်မလိမ်းခင်မှာ Beta-Hydroxy Acids (BHAs) ကိုဦးစွာ သုံးစွဲ ပေးခြင်းအားဖြင့် သင့်အရေပြားပေါ်က မလိုလားအပ်တဲ့အဆီတွေကို အကုန်အစင်ဖယ်ရှားပေးသွားမှာ ဖြစ်ပါတယ်။

 

အဆီနဲ့ အမည်းစက်တွေ၊ ဆားဝက်ခြံတွေကို ထိန်းချုပ်နိုင်ဖို့အတွက် မျက်နှာကပ်ခွါရည် သုံးစွဲခြင်းကို သင့်အနေနဲ့ တပတ်ကိုသုံးလေးကြိမ်လောက် ပြုလုပ်ပေးနိုင်ပါတယ်။

 

 Salicylic Acid

Salicylic acid ဟာ phenolic acid အမျိုးအစားမှာပါဝင်ပြီး beta hydroxy acid (BHA) ဖြစ်ပါတယ်။ BHA တွေဟာ အင်မတန်အာနိသင်ကောင်းတဲ့ အညစ်အကြေးသန့်စင် ဂျီးချွတ်ဆေးတွေဖြစ်ပြီး မျက်နှာအရေပြားရဲ့ အပေါ်ဆုံးလွှာကို ကွာကျပျက်စီးအောင် ပြုလုပ်ပေးနိုင်တဲ့အတွက် အောက်မှာရှိတဲ့ ပိုမိုနုပျို၊ ကျန်းမာတဲ့ အရေပြားအလွှာ ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။

 

ဒီလိုဆိုတော့ အရေးအကြောင်းတွေ၊ အရေတွန့်တာတွေ၊ ဝက်ခြံအမာရွတ်တွေ မရှိတော့တဲ့အပြင် မျက်နှာအသားရောင်ကိုလည်း ညီညာကောင်းမွန်စေမှာ ဖြစ်ပါတယ်။

 

 Lactic Acid

Lactic Acid နဲ့ ပြုလုပ်ထားပြီး ပြင်းအား ၄၀% ကနေ ၇၀% အတွင်းရှိတဲ့ မျက်နှာကပ်ခွါရည်တွေဟာ သာမန်အရေပြား ပြဿနာတွေကို ကောင်းစွာဖြေရှင်းပေးနိုင်ပါတယ်။

 

သူတို့ဟာ အညစ်အကြေးနဲ့ ဂျီးတွေကို နူးညံ့ညင်သာစွာ ဖယ်ရှားပေးနိုင်တာကြောင့် လူကြိုက်များတဲ့ ကပ်ခွါရည်တမျိုး ဖြစ်ပါတယ်။ ပုံမှန်အသုံးပြုပေးမယ်ဆိုရင် ဆိုးရွားတဲ့ ဝက်ခြံအမာရွတ်တွေကို ပျောက်ကင်း စေနိုင်တဲ့အပြင် အိုမင်းရင့်ရော်ခြင်းရဲ့ လက္ခဏာတွေကိုလည်း တတ်နိုင်သမျှ တားဆီးပေးပါတယ်။

 

အဆိုပါ ကပ်ခွါရည်တွေကို အိမ်မှာ မိမိဖာသာ အသုံးပြုနိုင်တယ်ဆိုပေမယ့် ကျွမ်းကျင်သူတွေ ပြုလုပ်ပေးတာကတော့ ပိုကောင်းပါလိမ့်မယ်။

 

မျက်နှာကပ်ခွါရည်တံဆိပ်တွေက ရာနဲ့ချီပြီး မျိုးစုံရှိပေမယ့် အားလုံးက သင်နဲ့တည့်ချင်မှတည့်မှာပါ။ ဒါကြောင့် သင်နဲ့ ကိုက်ညီသင့်တော်မယ့် ပစ္စည်းအမှတ်တံဆိပ်ကို ရွေးချယ်ဝယ်ယူနိုင်ဖို့အတွက် အသုံးပြုဖူးသူတွေရဲ့ မှတ်ချက်အကြံပြုစကားတွေကို ဂရုတစိုက်လေ့လာပြီး ရွေးချယ်ရမှာဖြစ်ပါကြောင်း။

 

 

"ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့်ဆေးပညာဝက်ဘ်ဆိုဒ် Helloဆရာဝန် www.hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်" 

 

http://myanmardigital.news/sites/default/files/hello%2011_32.jpg