mdn

သတင်းဆောင်းပါး - မြင့်စိုး (နတလ)

 

(၇၂)နှစ် တိုင်ခဲ့ပြီ။

 

တစ်နိုင်ငံလုံးမမေ့နိုင်၊ တစ်မျိုးသားလုံး မမေ့နိုင်။ ဤနေ့ဤရက်ဖြစ်သော နှစ်စဉ် ဇူလိုင်လ ၁၉ ရက်နေ့သို့ရောက်သည့်အခါတိုင်း ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများ၏  ကျေးဇူးတရားများ၊ ကိုယ်ကျိုးစွန့် အနစ်နာခံဆောင်ရွက်ခဲ့မှုများကို မမေ့မလျော့ သတိတရရှိကြစေရန်အာဇာနည်နေ့အခမ်းအနားများကို နိုင်ငံနှင့်တစ်ဝန်း တောရောမြို့ပါ မကျန် ကျင်းပပြုလုပ်ခဲ့ကြစမြဲဖြစ်သည်။ လွတ်လပ်ရေးရဖို့၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးရဖို့ အပြင် လွတ်လပ်ပြီး နိုင်ငံတော်အတွက် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ဟောပြောခဲ့သည့် ဗိုလ်ချုပ်၏ မိန့်ခွန်းများ၊ အမှာစကားများကိုလည်း ပြန်လည်သတိပြု သုံးသပ်ဆင်ခြင်ကြားနာခွင့်ရခဲ့ကြသည်။ နိုင်ငံတော်၏ အခါကြီးရက်ကြီး၊ နေ့ကြီးရက်ကြီးများထဲမှာ အပူလုံးကြွ ယူကျုံးမရ ဖြစ်ခဲ့ကြသည့် ဤနေ့ဤရက်ကို မကြုံဆုံခဲ့ကြဘူးဆိုပါလျှင် ၁၉၄၇ ခုနှစ်၏သည်ဘက် နိုင်ငံတော်၏ ရှေ့ခရီး သည်လည်းပဲ မည်သို့မည်ပုံရှိနေမည်ကိုစဉ်းစားတွေးတောဆင်ခြင်စရာတွေ အများကြီး ရှိလာခဲ့သည်။ သို့သော် ကျွန်တော်တို့ ကြုံခဲ့ကြပြီ။

 

ငယ်စဉ်ကာလ အာဇာနည်နေ့ပုံရိပ်များ

 

မသိနိုးနားအရွယ် မူလတန်းကျောင်းသားဘဝမှာ အာဇာနည်ဆိုသော ဝေါဟာရ၏အဓိပ္ပာယ်၊ အာဇာနည်နေ့ဖြစ်ပေါ်လာပုံ အကြောင်းခြင်းရာတို့ကို ဂဃနဏ မသိရိုးအမှန်ပင်ဖြစ်၏။ နိုင်ငံတော် အလံကို တိုင်တစ်ဝက်လွှင့်ထူ၍ အလေးပြုခဲ့ကြရသည်ဆိုသည်မျှလောက်သာ ဝိုးတိုးဝါးတား ပုံဖော်၍ရခဲ့သည်။ အလယ်တန်းကျောင်း သားဘဝမှာတော့ ပို၍ပို၍သိနားလည်လာခဲ့ သည့်အပြင် “လောကဓံ၏ ရိုက်ပုတ်ခြင်းဒဏ်ကြောင့် ငါ၏ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီ၏။ သို့သော်... ညွှတ်ကား မညွှတ်” ဆိုသော အဆိုအမိန့်စကားတစ်ခွန်းကို ရေရွတ်မိလေတိုင်း ဗိုလ်ချုပ်အောင်ဆန်း၏ တက္ကသိုလ်ကျောင်းသားဘဝ၊ တို့ဗမာအစည်းအရုံးနှင့်နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တိုက်ဖျက်ရေး ပုံရိပ်များက တဖျပ်ဖျပ် ပြန်လည်ပေါ်ပေါက်လာစမြဲဖြစ်သည်။ ထိုစဉ်က မိမိနေခဲ့ဖူးသောကျောင်းသည် အလယ်တန်းကျောင်း ဖွင့်ခွင့်ရခါစအချိန်မျှသာ။ သို့တစေ လှော်ကထား(အလက)၏ ပဲ့ကိုင်ရှင်ကျောင်းအုပ်ဆရာကြီး ဦးကြင်မောင်၏ ဦးဆောင်လမ်းပြမှုနောက်မှာ ဆရာ ဆရာမများနှင် ကျောင်းသား ကျောင်းသူအားလုံး ညီညီညာညာ လိုက်ပါခဲ့ကြသည်။ လွတ်လပ်ရေးနေ့၊ ပြည်ထောင်စု နေ့နှင့်ဆိုင်သော အမှတ်တရပြိုင်ပွဲများ၊ ဟောပြောပွဲများ ကျင်းပခဲ့ကြသလို အာဇာနည်နေ့လို အခမ်းအနားမှာလည်း ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီး များ၏ အတ္ထုပ္ပတ္တိ အကျဉ်းအား ကျောင်းသား ကျောင်းသူများကိုယ်တိုင် လေ့လာကျက်မှတ်၍ အားလုံး၏ရှေ့မှာ ပြန်လည်ဟောပြောစေခဲ့သည်ကို အမှတ်ရမိသည်။

 

ထိုမှ လေးမျက်နှာ(အထက)သို့ ပြောင်းရွှေ့ပညာ သင်ကြားချိန်မှာတော့ နှစ်စဉ် အာဇာနည်နေ့ ရောက်တိုင်း ဗိုလ်ချုပ်မိန့်ခွန်းတွေကို အသံချဲ့စက်ဖြင့် (မြို့နယ်ပါတီယူနစ်ရုံးမှနေ၍) ဖွင့်ပြသည်ကို စတင်ကြားဖူးခဲ့သည်။ ယနေ့ခေတ် လူငယ်များကတော့ အင်တာနက်မှတစ်ဆင့်ဗိုလ်ချုပ်မိန့်ခွန်းများ၊ ရှားပါးဓာတ်ပုံများ၊ မမြင်ဖူးခဲ့သော မှတ်တမ်းရုပ်ရှင်များကို အချိန်မရွေး ရှာဖွေလေ့လာ ကြည့်ရှုခွင့်ရ နေကြပြီဖြစ်၏။ ကြည့်ရှုလေ့လာမှတ်သား လိုက်နာကျင့်ကြံ ကြိုးကုတ်အားထုတ်ချင်စိတ်ရှိဖို့ပဲ လိုပါ မည်။ ထိုနေ့ထိုရက်မှာ မပျက်မကွက်စောင့်၍ နားထောင်မိတာတစ်ခုလည်း ရှိသေးသည်။ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးသွားချိန် နံနက် ၁၀ နာရီ ၃၇ မိနစ်တိတိ၌ မြန်မာ့အသံ ရေဒီယိုက ထုတ်လွှင့်ပေးသော ဥဩဆွဲသံပင်ဖြစ်၏။ ထိုအချိန်မျိုးမှာ မိုးလေးဖွဲဖွဲရွာနေပါက ရန်ကုန်မြို့အတွင်းဝန်ရုံးထဲ၌ ၁၉၄၇ ခုနှစ်က ဖြစ်ပျက်ခဲ့သော နိုင်ငံတော်လုပ်ကြံမှုကြီးအား ပို၍ ပီပီပြင်ပြင်မြင်ယောင်လာသလို စိတ်ဝယ်ခံစားခဲ့ရသည်။ ရေနွေးငွေ့ဘွိုင်လာသုံး သော ဆန်စက်များ (သုံးလုံးခန့်ရှိပါသည်)ကလည်း ဥဩ များဆွဲ၍ ဝမ်းနည်းမှုကို ဖော်ပြပေးကြ၏။

 

ယုံသလင်းကျေးရွာ ဇာတိဖွား မန်းဘခိုင်

 

ကမ္ဘာ့ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဦးသန့်အပါအဝင် နိုင်ငံတော်သမ္မတကြီးများ ပေါ်ထွန်းခဲ့ရာ မိမိတို့ဧရာဝတီတိုင်းဒေသကြီး၏ ဂုဏ်ကိုဆောင်မည့်ပုဂ္ဂိုလ်ကြီးများထဲတွင် အာဇာနည်ခေါင်းဆောင် ကြီး မန်းဘခိုင်လည်း တစ်ဦးအပါအဝင်ဖြစ်ပါသည်။ မန်းဘခိုင်သည် ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်အပိုင် ယုံသလင်းကျေးရွာဇာတိဖွား ဖြစ်သည်။ ထိုစဉ်က ယုံသလင်းကျေးရွာသူကြီးဖြစ်သော အဖ မန်းပေကုန်း၊ အမိ ဒေါ်ပုတို့က ၁၉၀၃ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့တွင် ဖွားမြင်ခဲ့ပြီး ပဉမမြောက်သား ဖြစ်သည်။ ငယ်စဉ်က ဟင်္သာတမြို့ အေဘီအမ်ကျောင်းတွင် ပညာ သင်ကြားခဲ့ကြောင်း၊ ၁၉၂၀ ပြည့်နှစ်တွင် ခုနစ်တန်း အောင်မြင် ခဲ့ကြောင်း၊ ၁၉၃၇ ခုနှစ်တွင် ပုသိမ်မြောက်ပိုင်း ဒေသအမတ်အဖြစ် အရွေးခံရကြောင်း၊ ဖက်ဆစ်တော်လှန်ရေးကာလ၌ ယုံသလင်းတွင် ကရင်လူငယ်များကို စုစည်း၍ ရွပ်ရွပ်ချွံချွံ တော်လှန်တိုက်ခိုက်ခဲ့ကြောင်း၊ ကရင်-ဗမာ ချစ်ကြည်ရေးကိုလည်း အထူးကြိုးပမ်းတည်ဆောက် ခဲ့ကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သော ဝန်ကြီးအဖွဲ့တွင် စက်မှုလက်မှုနှင့် အလုပ်သမား ဝန်ကြီးဌာန ဝန်ကြီးအဖြစ် တာဝန်ယူခဲ့ကြောင်း သိရှိရပြီး အဆိုပါ အကြောင်းအရာများပါဝင်သော ကမ္ပည်းမော်ကွန်း ကျောက်စာတိုင်ကို ယုံသလင်းကျေးရွာအလယ်ရှိကားလမ်းမကြီးဘေးတွင် စိုက်ထူ ထားပါသည်။ ပြီးခဲ့သည့်၂၀၁၇ ခုနှစ် ဒီဇင်ဘာလက မိမိတို့မွေးရပ်မြေ လှော်ကထား ကျေးရွာ(အထက)၏ (၁၃)ကြိမ်မြောက် မြတ်ဆရာ ကန်တော့ပွဲသို့ သွားရောက်စဉ် ခါတိုင်းသွားနေကျ ပုသိမ်-မုံရွာ ကားလမ်းမကြီးမှမသွားဘဲ ဇလွန်မှ ဟင်္သာတကိုဖြတ်ပြီး ထိုမှတစ်ဆင့် နတ်မှော်-နိဗ္ဗာန်-ယုံသလင်း-ခမောက်စု-အိုင်သပြု-ငါးသိုင်းချောင်းလမ်းကို အမှတ်ရစွာ ပြန်လည်မောင်းနှင်ရင်း ယုံသလင်းကျေးရွာသို့အရောက်အာဇာနည်ခေါင်းဆောင်ကြီး မန်းဘခိုင်၏ ရုပ်တုနှင့်ကမ္ပည်းမော်ကွန်း ကျောက်စာတိုင်ကို သွားရောက်ကြည့်ရှုဂါရဝပြုခဲ့ပါသည်။

 

ကျွန်တော်တို့ငယ်စဉ် အလယ်တန်းကျောင်းသား ဘဝဟင်္သာတမြို့တွင် ဒေါက်တာမြင့်ဆိုင် ဆိုသူဆရာဝန်တစ်ဦးသည် ကုသရေးဘက်၌ ထူးချွန်သလိုလူငယ်များအား ကရာတေးသင်ပေး သောကြောင့် နာမည်ကြီးခဲ့သည်။ နောင်မှသိရသည်မှာ ဒေါက်တာမြင့်ဆိုင်သည် အာဇာနည် ခေါင်းဆောင်ကြီး မန်းဘခိုင်၏ ညီအစ်ကိုတော်သူ မန်းဘဆိုင်၏သားဖြစ်ကြောင်း သိရသည်။ မန်းဘခိုင်၏ မြေးတော်စပ်သူ ယခု အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီး မန်းဝင်းခိုင်သန်းကိုမူ ၂၀၁၈ ခုနှစ် မတ်လ ၃ ရက်နေ့က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်လုံဟေးကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သော နိပွန်ဖောင်ဒေးရှင်း (စေတနာအဖွဲ့)၏ ကျောင်းပေါင်း ၃၀ဝ ပြည့် ဖွင့်ပွဲအခမ်းအနား၊ ဆီဆိုင်မြို့ပေါ် (၆)ရပ်ကွက် သောက်သုံးရေ ဖြန့်ဝေပေးခြင်းနှင့် စိုက်ပျိုးမြေဧက ၃၉၀ အား စိုက်ပျိုးရေ သွယ်ယူပေးခြင်းလုပ်ငန်းဖွင့်ပွဲအခမ်းအနားများ၌ အနီးကပ ဆုံခဲ့ဖူးသည်။ ထိုနေ့အခမ်းအနားများသို့ မသွားရောက်မီတောင်ကြီးမြို့ ပြည်နယ်အစိုးရအဖွဲ့ရိပ်သာ၌ နံနက်စာ စားခဲ့ကြရာ မထင်မှတ်ဘဲ ၎င်း၏မိသားစုဝင်များနှင့်တစ်ဝိုင်းတည်းစားခွင့်ရခဲ့သည်။ ရိုးသားပွင့်လင်း ဖော်ရွေမှုများက ကရင်တိုင်းရင်းသားများ၏ မွေးရာပါ အမှတ်သင်္ကေတတစ်ခုပဲလားတော့ မပြောတတ် တော့ပေ။

 

အာဇာနည်နေ့အား မမေ့ခြင်းမှ...သည်

 

ကျောင်းသားဘဝမှ တပ်မတော်သားဘဝသို့ရောက်၊ ထိုမှ နတလဝန်ထမ်းဖြစ်လာသောအခါ အတွင်း ဝန်ရုံး (ဝန်ကြီးများရုံး)အတွင်း၌ ၁၉၉၅ ခုနှစ်မှ ၂၀ဝ၇ ခုနှစ်လောက်အထိ နေခဲ့ရသည်။ ထိုသောအခါ တိုင်းပြု ပြည်ပြုလွှတ်တော်အစည်းအဝေးခန်းမ၊ အာဇာနည်ခေါင်းဆောင်ကြီးများ လုပ်ကြံခံရသည့် ခန်းမ၊ အာဇာနည်ခေါင်းဆောင်ကြီးများ၏ သမိုင်းဝင်မော်ကွန်းကျောက်စာတိုင်နေရာတို့နှင့် ရင်းနှီး ကျွမ်းဝင်ခဲ့ရသည်။ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကျေးဇူးတရားများနှင့်ကိုယ်ကျိုးစွန့် အနစ်နာ ခံမှုများအား ပြန်လည်အမှတ်ရ အောက်မေ့စေသော သမိုင်းဝင်နေရာတစ်ခု။ ကျွန်တော်တို့အားလုံး ဝန်ကြီးများရုံးကိုစွန့်ခွာ၍ နေပြည်တော်သို့ပြောင်းရွှေ့ချိန်၌ နောင်တွင် အမှတ်တရသိမ်းဆည်း နိုင်ရန်အလို့ငှာ ဝန်ကြီးများရုံး၏ ခန်းမဆောင်အသီးသီးအား မှတ်တမ်းဓာတ်ပုံများ လိုက်လံရိုက်ကူး ထားခဲ့သည်။ ယနေ့ခေတ် ကျောင်းသား ကျောင်းသူလေးများလက်ထက်တွင်မူ နှစ်စဉ် အာဇာနည်နေ့ ရောက်တိုင်း အထိမ်းအမှတ်ဟောပြောပွဲများ၊ ပန်းချီ၊ စာစီစာကုံး၊ ဆောင်းပါးပြိုင်ပွဲများ ကျင်းပပြုလုပ်၍ အာဇာနည်စိတ်ဓာတ်များ ကိန်းအောင်း ရှင်သန်စေရေး၊ အာဇာနည်ခေါင်းဆောင်ကြီးများ၏ နိုင်ငံ လွတ်လပ်ရေးအတွက် ကိုယ်ကျိုးစွန့်အနစ်နာခံကြိုးပမ်းဆောင်ရွက်မှုများနှင့် မိမိအသက်ကိုပင် မငဲ့ကွက်ဘဲစွန့်လွှတ်ဆောင်ရွက်ခဲ့မှုများအား သိရှိနားလည်စေရေး အသိပညာပေးဆောင်ရွက် လျက်ရှိကြသည်။ ပြည်သူလူထုတစ်ရပ်လုံးတွင်လည်း ထိုစိတ်ဓာတ်များ ကိန်းအောင်းလျက် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်း သားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ နိုင်ငံတော်၏ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးတို့အတွက် နိုင်ငံတော်အစိုးရနှင့်အတူ လက်တွဲကြိုးပမ်းဆောင်ရွက်နိုင်ပါစေ ကြောင်း တိုက်တွန်းရေးသားအပ်ပါသည်။