မျက်ရည်တွေနဲ့ ဆုလက်ခံရယူခဲ့တဲ့ လေဒီဂါဂါ

၁၅  ဇန်နဝါရီ

 

လတ်တလောကျင်းပခဲ့တဲ့ အနုပညာထူးချွန်ဆုပေးပွဲတစ်ခုဖြစ်တဲ့ “Critics’ Choice Awards” ဆုပေးပွဲမှာ လေဒီဂါဂါဟာ ထူးချွန်ဆုတွေ လက်ခံရရှိခဲ့တာ ဖြစ်ပါတယ်။ ထူးချွန်ဆုကို လက်ခံရယူခဲ့ပြီးနောက် လေဒီဂါဂါက အမှတ်တရစကား ပြောကြားချိန်မှာတော့ မျက်ရည်တွေလည်း ကျခဲ့ကြောင်း မေးအွန်လိုင်းဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

 

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ပြုလုပ်ခဲ့တဲ့ ယခုနှစ်အတွက် “Critics’ Choice Awards” ဆုပေးပွဲမှာ လေဒီဂါဂါဟာ သူခေါင်းဆောင်ပါဝင် ထားတဲ့ရုပ်ရှင် “A Star Is Born” နဲ့ ထူးချွန်ဆုတွေ ရရှိခဲ့တာ ဖြစ်ပါတယ်။ အဆိုပါရုပ်ရှင်ရဲ့ ဇာတ်ဝင်တေး “Shallow” ဟာ ယခုနှစ်ရဲ့ အကောင်းဆုံးတေးသီချင်းဆုကို ရရှိခဲ့ပါတယ်။ ဒါ့အပြင် အဆိုပါ ရုပ်ရှင်မှာ အဓိကဇာတ်ဆောင်အဖြစ် ပါဝင်ထားတဲ့ လေဒီဂါဂါဟာလည်း ယခုနှစ်ရဲ့ အကောင်းဆုံးအမျိုးသမီးသရုပ်ဆောင်ဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။ လေဒီဂါဂါဟာ ဒီဆုအတွက် အော်စကာစာရင်းဝင်ခဲ့ပေမယ့် ထူးချွန်ဆု သိမ်းပိုက်နိုင်ခဲ့ခြင်းမရှိပါဘူး။ “Critics’ Choice Awards” မှာတော့ အကောင်းဆုံးအမျိုးသမီးသရုပ်ဆောင်ဆု ရရှိခဲ့တာ ဖြစ်ပါ တယ်။ ယခုနှစ်ရဲ့ “Critics’ Choice Awards”မှာတော့ လေဒီဂါဂါဟာ အကောင်းဆုံးအမျိုးသမီးသရုပ်ဆောင်ဆုကို “The Wife” ရုပ်ရှင်ရဲ့ ဇာတ်ဆောင်မင်းသမီးဖြစ်တဲ့ ဂလန်းကလို့စ်နဲ့ တွဲဖက်ရရှိခဲ့တာ ဖြစ်ပါတယ်။

 

လေဒီဂါဂါဟာ ယခုနှစ်ရဲ့ “Critics’ Choice Awards” ဆုပေးပွဲမှာ အကောင်းဆုံးတေးသီချင်းဆုကို ပထမဦးစွာ လက်ခံရရှိခဲ့တာ ဖြစ်ပါတယ်။ အကောင်းဆုံးအမျိုးသမီးသရုပ်ဆောင်ဆုအတွက် ဂလန်းကလို့စ် ရရှိကြောင်း ရှေးဦးစွာ ကြေညာခဲ့ပြီးမှ တွဲဖက်ရရှိသူကို ကြေညာပေးခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း လေဒီဂါဂါအတွက် ခံစားမှုတွေ ပိုလာကာ မျက်ရည်ကျခဲ့ရတာ ဖြစ်ပါတယ်။ ဆုရရှိကြောင်း ကြေညာခဲ့ချိန်မှာ လေဒီဂါဂါက အတော်လေး အံ့အားသင့်ခဲ့ပြီး အဲဒီအချိန်ကတည်းက မျက်ရည်တွေ ကျလာခဲ့ပါတယ်။ လေဒီဂါဂါက ဒီထူးချွန်ဆုကို လက်ခံရယူပြီး အမှတ်တရ စကားပြောကြားချိန်မှာတော့ မျက်ရည်တွေကြားက အကောင်းဆုံးပြောကြားခဲ့တာကိုလည်း တွေ့ရပါတယ်။

 

ယခုနှစ်ဆုပေးပွဲမှာတော့ လေဒီဂါဂါဟာ အမှတ်တရစကား ပြောကြားချိန်မှာ အရက်စွဲသူတွေနဲ့ ဆေးစွဲသူတွေအတွက် အဓိကထား ပြောကြားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

 

အေးပြည့်