မျက်ဝန်းထဲက အဓိပ္ပါယ်ဘာညာနဲ့ ကဗျာဆန်တဲ့တင်စားမှုတွေကြားဖူးကြမှာပေါ့။ အခုပြောမယ့် မျက်ဝန်းထဲက သင်္ကတေတွေကတော့ ကဗျာမဆန်လောက်ပါဘူး။ ကိုယ့်မှာရောဂါတစ်ခုခုဖြစ်နေပြီဆိုတာ မျက်ဝန်းကတစ်ဆင့် ဖော်ပြလာတဲ့ လက္ခဏာတွေအကြောင်းမို့လို့ပါ။ ဒီလက္ခဏာတွေ ကိုယ့်မျက်ဝန်းမှာဖြစ်နေပြီဆို ဘာကြောင့်ဖြစ်တာလဲသိရှိပြီး ကြိုတင်သတိထားနိုင်ဖို့၊ စောစောကုသနိုင်ဖို့ ဆောင်းပါးလေးက ကူညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။
ဘယ်လိုလက္ခဏာတွေဖြစ်မလဲ ကြည့်ရအောင် –
မျက်စိနီတာ
ဒေါသအရမ်းထွက်တဲ့အခါ ဒါမှမဟုတ် ရောဂါပိုးဝင်တဲ့အခါ
မျက်လုံးထဲကသွေးကြောမျှင်လေးတွေက ပြန့်ကားလာ၊ ပေါက်သွားနိုင်ပါတယ်။ ဒါက အဖြစ်များကြပြီး ကုသစရာမလိုဘဲ ပြန်ကောင်းသွားတတ်ပါတယ်။ ထိခိုက်မှု၊ ရေတိမ်၊ ကွဲရှ၊ ခြစ်မိ၊ မျက်ကြည်လွှာမှာဖြစ်တဲ့ အနာကြောင့်ဆိုရင်တော့ ပိုပြင်းထန်နိုင်လို့ သတိထားသင့်ပါတယ်။ မျက်စိနီရဲနေတာ တစ်ရက်၊နှစ်ရက်နဲ့ မသက်သာဘူးဆိုရင်တော့ ဆရာဝန်အမြန်ပြသင့်ပါတယ်။
မျက်စိကျိန်းစပ်နေတာ
အသုံးပြုတာများလို့ မျက်စိညောင်းလာတာကြောင့် ဒါမှမဟုတ် ဖုန်မှုန့်တွေ မီးခိုးတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။ blepharitis လို့ခေါ်တဲ့ မျက်ခွံရောင်ရမ်းမှုကြောင့်လည်း ဖြစ်နိုင်ပါတယ်။ blepharitis ဆိုတာ ဘက်တီးရီးယားပိုးဝင်လို့ မျက်ခွံမှာ အဖတ်အဖတ်လေးတွေလန်ပြီး ရောင်ရမ်းစေတဲ့ရောဂါပါ။ မျက်လုံးက မျက်ရည်အလုံအလောက် မထုတ်ပေးနိုင်တာကြောင့်ဖြစ်ပါတယ်။ ပိုဆိုးလာရင်တော့ မျက်ကြည်လွှာရောင်ရမ်းမှုဖြစ်လာနိုင်ပါတယ်။
မျက်ဝတ်တွေထွက်နေတာ
မျက်ဝတ်တွေ/မျက်ချေးတွေက မနက်အိပ်ရာထချိန်မှာ နည်းနည်းထွက်တာ ပုံမှန်ပါပဲ။ ဒါပေမယ့် ပုံမှန်မဟုတ်ဘဲ မျက်ဝတ်က အဝါရောင်၊ အစိမ်းရောင်သမ်းနေတာ၊ တခြားလက္ခဏာတွေရှိနေတာဆိုရင် ကုသမှုခံယူဖို့လိုနိုင်ပါတယ်။ မျက်စိနာတာလား ဘာလား သိနိုင်ဖို့ ဆရာဝန်ပြပါ။ မျက်ရည်ပြွန်ပိတ်ဆို့ခြင်းကနေ မျက်ရည်တွေစုပြီး ရောင်ရမ်းခြင်းဖြစ်စေနိုင်ပါတယ်။
မျက်ရည်ခြောက်ခန်း၊ ယားယံတာ
ဓါတ်မတည့်မှုတွေ၊ ဆေးဝါး၊ မျက်ကပ်မှန်၊ အသက်အရွယ်၊ ရောဂါတစ်ခုခု (ဥပမာ အဆစ်ရောင်ရောဂါ) နဲ့ ကွန်ပျူတာကြောင့် မျက်စိညောင်းခြင်းတို့လို အကြောင်းရင်းတွေကြောင့် မျက်ရည်ခန်းခြောက်၊ မျက်စိနေရခက်တာတွေ ဖြစ်စေနိုင်ပါတယ်။ မျက်စဉ်းခတ်ရင်ခြောက်သွေ့မှုကို သက်သာစေနိုင်ပေမယ့် မျက်ခွံမှာ ရေဝတ်ဖတ်လေး ကပ်ပေးတာလည်း အဆင်ပြေနိုင်ပါတယ်။ ယားတယ်ဆိုပြီး မျက်လုံးကို သိပ်မပွတ်ပါနဲ့။
မျက်ခွံမို့နေတာ
မျက်လုံးတွေဖောင်းအစ်နေတာက မျက်ခွံအတွင်းသားရောင်ရမ်းတာ(pinkeye)၊ ဓါတ်မတည့်မှုတွေ၊ မျက်ခွံမှာအဖုလေးတွေဖြစ်တာ၊ မျက်ကြည်လွှာမှာအနာလေးတွေဖြစ်တာတို့ကြောင့် ဖြစ်နိုင်ပါတယ်။ ငိုထားတာ၊ အအိပ်များထားတာကလွဲရင် မျက်ခွံမို့အစ်နေတာက သိုင်းရွိုက်ပြဿနာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ သိပ်မကြာခင် သက်သာလျော့ပါးသွားတတ်ပေမယ့် ၂၄ နာရီထက်ပိုကြာနေတယ် ဒါမှမဟုတ် အမြင်အာရုံထိခိုက်လာတယ်ဆိုရင် ဆရာဝန်အမြန်ပြပါ။
မျက်ရည်ကျနေတာ
အသည်းကွဲလို့၊ ဝမ်းနည်းလို့မဟုတ်ဘဲ အလိုလိုမျက်ရည်တွေကျနေတာဆိုရင်တော့ မကောင်းပါဘူး။ မျက်ရည်တွေက မျက်လုံးထဲမှာ အစိုဓါတ်ထိန်းပေးထားပြီး ပြင်ပအရာတွေကို ဖယ်ရှားပေးတဲ့လုပ်ဆောင်ချက်ရှိပါတယ်။ ဒါပေမယ့် မလိုအပ်ဘဲ၊ အကြောင်းရင်းမရှိဘဲ မျက်ရည်တွေကျနေတယ်ဆို လုပ်ဆောင်ချက်လွန်ကဲနေတာဖြစ်ပြီး ပုံမှန်မဟုတ်တော့ပါဘူး။ တစ်ခုခုဝင်နေလို့၊ ရောဂါပိုးဝင်လို့၊ ထိရှထားလို့၊ မျက်ရည်ပြွန်ပိတ်နေလို့ ဖြစ်နိုင်ပါတယ်။
မျက်ကြောလိုက်တာ
မျက်လုံးပုတ်ခတ်ပုတ်ခတ်နဲ့ မကြာခဏဖြစ်တာမျိုး၊ မျက်ခွံရဲ့ မူမမှန်လှုပ်ရှားမှုမျိုးက အဖြစ်များပါတယ်။ မျက်လုံးအသုံးပြုတာ များလွန်းရင်ဖြစ်တတ်တာမို့ မျက်စိကိုအနားပေးလိုက်ရင်၊ ကဖင်းလျှော့သောက်ရင် သက်သာသွားနိုင်ပါတယ်။ ဒါပေမယ့် အချိန်ကြာကြာ မျက်လုံးပိတ်ပိတ်သွားတယ်ဆိုဆေးခန်းပြပါတော့။
မျက်သားဝါတာ
မျက်သားအရောင်က ဖြူနေရာက ဝါလာတယ်ဆို အသားဝါဖြစ်တဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။ အသည်းရောဂါ၊ အရက်၊ သည်းခြေကျောက်တည်တာ၊ ကင်ဆာတို့ရဲ့ လက္ခဏာတွေဖြစ်နိုင်တာကြောင့် သတိထားသင့်ပါတယ်။ ဒီရောဂါတွေကြောင့်မဟုတ်တဲ့ အဝါရောင်ကတော့ ပုံမှန်ဆို ကုသမှုမလိုလောက်ပေမယ့် အမြင်အာရုံမှာ တစ်ခုခုဖြစ်လာတယ်ဆို အမြန်ကုသပါ။
မျက်ခွံတွေတွဲကျတာ
အများအားဖြင့် မျက်ခွံဆိုတာ အသက်ကြီးလာတာနဲ့ တဖြည်းဖြည်းတွဲကျလာတတ်ပေမယ့် မြန်မြန်ဆန်ဆန်ဖြစ်လာတယ်ဆိုရင် သတိထားရမှာက လေဖြတ်ခြင်း၊ ဦးနှောက်အကျိတ်၊ ကြွက်သားရောဂါ ဒါမှမဟုတ် အာရုံကြောပြဿနာတွေရဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။ နာရီပိုင်း၊ ရက်ပိုင်းအတွင်း ချက်ချင်းကြီး မျက်ခွံတွဲကျလာတယ်ဆို ဆရာဝန်ပြသင့်ပါတယ်။
ရေးသားသူ Yun Sandi Nan Mon ၊ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win