ထားဝယ် ၁၇ ဩဂုတ်
မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးကို အဓိကဆက်သွယ်ပေးထားသည့် ကုန်းလမ်းခရီးတစ်ခုဖြစ်သော ပြည်ထောင်စုလမ်းမကြီးတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် ပြတ်တောက်သွားသော မလွှဲတောင်လမ်း ဘေလီတံတားတည်ဆောက်မှု လုပ်ငန်းများ သြဂုတ် ၁၆ ရက် ညနေ ၃ နာရီခွဲ အချိန်ခန့်တွင် ပြီးစီးသွားပြီးဖြစ်သောကြောင့် ၂၄ တန်အောက် မော်တော်ယာဉ်များနှင့် ကုန်တင်ယာဉ်များကို သွားလာခွင့်ပြုလိုက်သည်အတွက် မော်တော်ယာဉ်များသွားလာနေပြီးဖြစ်၍ ခရီးသွားပြည်သူများ အဆင်ပြေလျက်ရှိကြောင်း လမ်းအထူးအဖွဲ့ (၂၃)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးကို ဆက်သွယ်သွားလာနေသည့် ရန်ကုန်- မော်လမြိုင်- ရေး-ထားဝယ်- မြိတ် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် သြဂုတ်လ ၁၀ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မလွှဲတောင်ကြောမှ တောင်နံရံများ မြေပြိုကျခြင်း၊ လမ်းပိုင်းပဲ့ကျမှုများဖြစ်ပွားခဲ့သောကြောင့် သြဂုတ်လ ၁၀ ရက်နေ့၌ တနင်္သာရီတိုင်းဒေသကြီး ဘက်ခြမ်းရှိ မိုင်တိုင်အမှတ် (၈၀)အနီးတွင် ပေ(၁၀ဝ)ခန့်ရှိသောလမ်းအပိုင်းပြတ်ကျမှုဖြစ်ပွားခဲ့သောကြောင့် လမ်းများပိတ်ဆို့ခြင်း၊ လမ်းပြတ်သွားခြင်းများဖြစ်ပေါ်ခဲ့ရာ မော်တော်ယာဉ်ကြီး/ ယာဉ်ငယ်များလမ်းပိတ်ဆို့ကာ အဆက်အသွယ် တစ်ပတ်နီးပါးခန့် ပြတ်တောက်ခဲ့သည့်အတွက် ခရီးသွားပြည်သူများ သွားလာရေးအဆင်ပြေစေရန်အတွက် ပိတ်ဆို့သွားသောမြေများ ဖယ်ရှားရှင်းလင်းပြီး ပြတ်တောက်သွားသော မလွှဲတောင်လမ်းပိုင်းတွင် ဘေလီတံတားတစ်စင်းကို လမ်းအထူးအဖွဲ့(၂၃) l တံတားတည်ဆောက်ရေးအဖွဲ့(၄)တို့မှလမ်း/ တံတား အင်ဂျင်နီယာများနှင့် ကျွမ်းကျင်လုပ်သားများက စက် ယာဉ် ယန္တရားကြီးများဖြင့် ကြိုးစားတည်ဆောက်ခဲ့ရာ ဩဂုတ်လ ၁၆ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် တံတားတည်ဆောက်မှုပြီးစီးခဲ့ပြီးဖြစ်သောကြောင့် မလွှဲတောင်ပေါ်တွင် ပိတ်ဆို့နေသည်ကားငယ်များနှင့် ခြောက်ဘီးကုန်တင်ယာဉ်များကို ဖြတ်သန်းခွင့်ပြု လိုက်ပြီးဖြစ်သောကြောင့် အဆင်ပြေစွာ ပြန်လည်သွားနေပြီ ဖြစ်ကြောင်းနှင့် သြဂုတ် ၁၇ ရက် နေ့တွင် ယာဉ်/ကုန် (၂၄)တန်အထိရှိသော ကုန်တင်ယာဉ်များကိုလည်း ဖြတ်သန်းခွင့်ပြု လိုက်ပြီ ဖြစ်ကြောင်း လမ်းအထူးဖွဲ့ (၂၃)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
``ဘေလီတံတားကတော့ ပြီးနေပြီ၊ အခုလက်ရှိက တံတားပေါ်မှာ ကျောက်ခင်းအချောသန့်နေတယ်။ ကားတွေကိုတော မပေးဖြတ်သေးဘူး။ ဒီနေညနေပိုင်းတော့ ကားတွေကိုပေးဖြတ်မယ်။ ဒီမလွှဲတောင်လမ်းအပိုင်းမှာတော့ လမ်းပြတ်သွားတာ သုံးနေရာရှိတယ်။ ကျန်တဲ့နှစ်နေရာက အရင်လမ်းဟောင်းရှိတော လမ်းလွှဲကသွားနေရတယ်။ ဒီတံတားပြီးရင်တော့ လမ်းအဆင်ပြေသွားပါပြီဟု´´လမ်းအထူးဖွဲ့ (၂၃)မှ တာဝန်ရှိသူက ပြောသည်။
လက်ရှိတည်ဆောက်နေသည့် ဘေလီတံတားမှာ အရှည်ပေ ၁၂၀၊ အကျယ် ၁၅ပေရှိပြီး ခံနိုင်ဝန်မှာယာဉ်/ကုန် ၂၄ တန်သာရှိကြောင်း ယင်တံတားမှာ သွားလာရေး အဆင်ပြေစေရန် ယာယီ တည်ဆောက်ခြင်းသာဖြစ်ပြီး နောက်ပိုင်းတွင် တံတားအသစ်တစ်စင်းထပ်မံ တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
``ဒီမလွှဲတောင်လမ်းပိုင်း ပြတ်တောက်သွားတဲ့ကျန်နေရာက လမ်းလွဲကိုအသုံးပြုထားတဲ့အတွက် တစ်လမ်းမောင်း အဖြစ်ပဲ့သွားရဦးမယ်။ အတက်၊ အဆင်းကို တစ်လှည့်စီသွားလာစေမယ်” ဟု ၎င်းကပြောသည်။
လမ်းအထူးဖွဲ့ (၂၃)မှ တာဝန်ရှိသူက “ဒီလမ်းပြတ်တောက်သွားတာ တစ်ပတ်လောက်နီးပါးရှိနေပြီဆိုတော့။ လက်ရှိမှာတော့ ဒီလမ်းကိုဖြတ်ဖို့ စောင့်နေတဲ့ကားကြီးတွေလည်း ရှိနေတဲ့အတွက် ဒီကားတွေကိုတော့ပေးဖြတ်မှရမယ်။ နောက်ပိုင်းရေရှည်မှာတော့ ခံနိုင်ဝန်နဲ့ ပေးဖြတ်မှာပါ” ဟု ပြောသည်။
အဆိုပါ ဘေလီတံတားကို လမ်းအထူးအဖွဲ့ (၂၃) ၊ တံတားတည်ဆောက်ရေးအဖွဲ့ (၄)တို့မှ အင်ဂျင်နီယာများနှင့် ကျွမ်းကျင်လုပ်သားများက တည်ဆောက် ပြီးစီးခဲ့ပြီးဖြစ်သော်လည်း တံတားမှယာဉ်/ကုန် ၂၄ တန်သာခံနိုင်ဝန်ရှိသဖြင့် ၂၄ တန်နှင့် မပိုသော ကုန်တင်ယာဉ်များကိုသာ ဖြတ်သန်းခွင့်ပြုမည်ဖြစ်ကြောင်းနှင့်၂၄ တန်ထက် ပိုသော ကုန်တင်ယာဉ်ကြီးများကို ဖြတ်သန်းခွင့်မပေးဘဲ ကုန်ပစ္စည်းကိုကားငယ်များဖြင့် တစ်ဆင့်ခံသယ်ယူရန် ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြင့်ဦး(မြိတ်)


