မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှုအခြေအနေသည် ပြည်တွင်း ကူးစက်မှုအပိုင်း၌ ရက်သတ္တနှစ်ပတ်နီးပါး ကူးစက်မှုမရှိတော့သည်ကို တွေ့ရသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ သတ်မှတ်ချက်အရ တစ်လမှ တစ်လခွဲအတွင်း ပြည်တွင်း၌ ရောဂါကူးစက်မှုမရှိလျှင် ကိုဗစ်-၁၉ ဗိုင်းရပ်စ် ပိုး ထိန်းချုပ်နိုင်ပြီဟု သတ်မှတ်ထားကြောင်း သိရသည်။

ထို့ကြောင့် မြန်မာနိုင်ငံ၏ လက်ရှိအနေအထားကို ထိန်းချုပ်ထားပြီး နောက်ထပ် ရက်သတ္တသုံးပတ်နီးပါးမျှ ရောဂါပိုးကူးစက်မှုမရှိခဲ့လျှင် မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ထားနိုင်သည့် အဆင့်ကို ရောက်မည်ဖြစ်သည်။ သို့သော် ရောဂါကူးစက်ဖြစ်ပွားခြင်း၊ မဖြစ်ပွားခြင်း သည် ပြည်သူသာလျှင်အဓိကဖြစ်၍ ရောဂါပိုးမကူးစက်အောင် သက်ဆိုင်ရာ က လမ်းညွှန်ထားသော ညွှန်ကြားချက်များကို တိတိကျကျ အလေးထား လိုက်နာကြရမည်ဖြစ်သည်။

လက်ရှိအခါတွင် ပြည်သူများအနေဖြင့် မြန်မာနိုင်ငံ၌ ရောဂါဖြစ်ပွားမှု အခြေအနေကို နေ့စဉ်စိတ်ဝင်စားနေပြီး ရောဂါပိုးမတွေ့ရှိရသောရက် များတွင် ဝမ်းမြောက်ပျော်ရွှင်ဖြစ်ကြရသည်။ ရောဂါပိုးတွေ့ရှိသောနေ့များ တွင် စိုးရိမ်ပူပန်မှု ဖြစ်ကြရသည်။ ရောဂါကူးစက်မှုကို မလိုလားလျှင် ပြည်သူများလိုက်နာရန်ညွှန်ပြထားသော လက်ကိုစင်ကြယ်စွာဆေးကြော ခြင်း၊ အပြင်ထွက်လျှင် နှာခေါင်းစည်း အကာအကွယ်ဝတ်ဆင်ခြင်း၊ လူစု၊ လူဝေးများကို ရှောင်ရှားခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ခြင်းတို့ကို ပြုလုပ်ရမည်ဖြစ်သည်။

ယခုအခါ နိုင်ငံအတွင်းသို့ ပြည်ပမှပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအား နေ့စဉ်လက်ခံပေးလျက်ရှိရာ ရောဂါပိုးရှိသူများ ပါလာသည်ကိုတွေ့ရသည်။ နယ်စပ်ဝင်ပေါက်ထွက်ပေါက်များ၊ နိုင်ငံတကာလေဆိပ်များမှ ရောက်ရှိလာသူများအား စောင့်ကြပ်ကြည့်ရှု၊ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးတွင် ကြီးမားသောပြဿနာမရှိနိုင်ဘဲ ၎င်းတို့ကို နိုင်နင်းစွာ ထိန်းချုပ်ကုသပေးနိုင်သည်။ မမြင်နိုင်သော ပြည်တွင်း ရောဂါကူးစက် မှုများကိုမူ ထိန်းချုပ်ကုသရန်ခက်ခဲပြီး ကြီးမားသောပြဿနာ ဖြစ်လာနိုင်သည်။

မြန်မာနိုင်ငံတွင် ဓာတ်ခွဲအတည်ပြုလူနာများအနက် ၆၂ ရာခိုင်နှုန်းခန့် သည် ရောဂါလက္ခဏာပြသခြင်းမရှိဘဲ ရောဂါပိုးရှိသည်ကို တွေ့ရှိနေရသည့် အတွက် ပြည်သူလူထုအတွင်း၌ ရောဂါပိုးကူးစက်ခံထားရသော်လည်း ရောဂါလက္ခဏာ မပြသူများ သို့မဟုတ် သာမန်ရောဂါလက္ခဏာသာ ရှိနေသူများ ရှိနေနိုင်သည်ဟူသောအချက်သည် မမြင်နိုင်သည့် အန္တရာယ် ကြီးမားသော မြေမြှုပ်မိုင်းဗုံးသဖွယ် ဖြစ်သည်။ ထို့ကြောင့် ပြည်သူများ အနေဖြင့် မလျှော့သောသတိဖြင့် မပေါ့မဆနေထိုင်ကာ အကာအကွယ်များကို အစဉ်ပြုလုပ်ကြရမည်ဖြစ်သည်။

ကမ္ဘာ့နိုင်ငံအချို့ တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု ကျဆင်း လာသဖြင့် ဖြေလျှော့မှုများ ပြုလုပ်လာခဲ့ကြရာ ထို့နောက်တစ်ဖန် တစ်ကျော့ပြန် ရောဂါကူးစက်ဖြစ်ပွားမှုများ မြင့်မားလာနေသည်ကို တွေ့နေရသည်။ ဥပမာအားဖြင့် တောင်ကိုရီးယားနိုင်ငံသည် ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်မှုကို တားဆီးသည့်နေရာတွင် စံနမူနာယူရသည့် နိုင်ငံ တစ်နိုင်ငံ ဖြစ်ခဲ့သည်။ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးကို ထိရောက်စွာဆောင်ရွက်နိုင်သဖြင့် လူမှုဝေးကွာခြင်းစည်းမျဉ်းများကို ဖြေလျှော့ပေး လိုက်ပြီး ရက်သတ္တ ခုနစ်ပတ်အကြာတွင် ရောဂါကူးစက်မှု ရုတ်တရက် အမြင့်ဆုံးအဆင့် ပြန်လည်ရောက်ရှိလာသည်မှာ သင်ခန်းစာယူဖွယ် ဖြစ်သည်။

လူအများစုရှိရာနေရာများတွင် အသွားအလာကန့်သတ်ထိန်းချုပ်မှု စည်းမျဉ်းများကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက ကြောက်စရာကောင်းသော ရောဂါပိုးကူးစက်မှုနှင့် ကြုံတွေ့နိုင်သည်ကို သက်သေပြလိုက်ခြင်း ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် အခြေအနေ အလားအလာကောင်း တစ်ခုသို့ ရောက်ရှိနေပြီဟု ဆိုနိုင်သော်လည်း လူအများထိတွေ့မှုများသောနေရာများ၌ မမြင်နိုင်သော ရောဂါပိုးအန္တရာယ်ရှိနေနိုင်ကြောင်းကို သတိပြုရမည် ဖြစ်သည်။

သို့ဖြစ်ရာ ကိုဗစ်-၁၉ ရောဂါသည် ရောဂါပိုးအသစ်အဆန်းဖြစ်ပြီး မခန့်မှန်းနိုင်သော သဘောသဘာဝများရှိနေသည်ဖြစ်ရာ မည်သူမဆို ရောဂါလက္ခဏာမပြသော်လည်း ရောဂါပိုးရှိနိုင်သည်ဟုခံယူပြီး မိမိ ကိုယ်တိုင်၊ မိမိ မိသားစု၊ မိမိပတ်ဝန်းကျင်တွင် ရောဂါကူးစက်ဖြစ်ပွားခြင်း မရှိစေရန်အတွက် ကျန်းမာရေးအသိပညာပေး လမ်းညွှန်ချက်များနှင့်အညီ အလေးထားလိုက်နာကျင့်သုံးကြရန် တိုက်တွန်းအပ်ပါသည်။ ။

km