မလေးရှား၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပြည်သူ ၄၆၀၀၀ အိုးအိမ်စွန့်ခွာပြီး ခြောက်ဦးသေဆုံး

ကွာလာလမ်ပူ ၈ ဇန်နဝါရီ

မလေးရှားနိုင်ငံ၌ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီးနောက် ရေကြီးရေလျှံမှု အကြီးအကျယ်ဖြစ်ပွားကာ ပြည်သူ ၄၆၀၀၀ ကျော် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ကြောင်း မလေးရှားလူမှုဝန်ထမ်းဦးစီးဌာနက ယနေ့ပြောကြားသည်။ ရေဘေးသင့်မိသားစု ၁၂၄၈၇ စုသည် ဒေသအတွင်းရှိ ယာယီကယ်ဆယ်ရေးစခန်း ၄၂၆ ခုတွင် ခိုလှုံ လျက်ရှိကြောင်း သိရသည်။

မလေးရှားနိုင်ငံအတွင်းရှိ ပါဟန်၊ တီရင်ကာနူ၊ ကယ်လန်တန်၊ ပီရာ့ခ်နှင့် ဂျိုဟော စသည်ပြည်နယ်နှင့် ဒေသများတွင် ယနေ့မွန်လွဲပိုင်းအထိ မိုးသည်းထန်စွာရွာသွန်းမှုနှင့် ဆက်လက် ရင်ဆိုင်ကြုံတွေ့လျက်ရှိပြီး ယင်းတို့အနက် နိုင်ငံ၏ အရှေ့ဘက် ကမ်းရိုးတန်းပြည်နယ်ဖြစ်သည့် ပါဟန်ပြည်နယ်သည် ဒေသခံပြည်သူ ၂၆၂၅၀ ခန့် နေအိမ်စွန့်ခွာခဲ့ခြင်းနှင့်အတူ ရေကြီးရေလျှံမှုဒဏ် အဆိုးဆုံးခံခဲ့သည်။

ထို့အပြင် လှေတိမ်းမှောက်မှုတွင် သေဆုံးသွားသည့် ၁၉ နှစ်အရွယ် အမျိုးသမီးတစ်ဦး၏ အလောင်းကို အဆိုပါ ဒေသတွင် ထပ်မံရှာဖွေတွေ့ရှိခဲ့ပြီးနောက် ဒေသအတွင်း ရေကြီးရေလျှံမှုကြောင့် သေဆုံးသူပေါင်းခြောက်ဦး ရှိလာကြောင်း နိုင်ငံပိုင် ဘာနမားသတင်းအေဂျင်စီ၏ ဖော်ပြချက်အရ သိရသည်။

တစ်ချိန်တည်းမှာပင် မလေးရှားမိုးလေဝသဌာနက ဆိုးရွားသောရာသီဥတုနှင့် ပတ်သက်၍ သတိပေးချက်တစ်ခု ထုတ်ပြန်လိုက်ပြီး မလေးရှားနိုင်ငံတွင် ဇန်နဝါရီ ၁၂ ရက်အထိ မိုးသည်းထန်စွာရွာသွန်းမှု ဆက်လက်ဖြစ်ပွား နိုင်ကြောင်း ခန့်မှန်းထားသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - ဂျေတီ