ရှာအလမ် ဒီဇင်ဘာ ၂၂

 

မလေးရှားနိုင်ငံ၌ မိုးသည်းထန်စွာရွာသွန်းခဲ့ခြင်းကြောင့် ရေကြီးရေလျှံမှု အကြီးအကျယ်ဖြစ်ပွားခဲ့ရာ လူ ၁၄ ဦး ထက်မနည်း သေဆုံးပြီး ပြည်သူ ၇၀၀၀၀ ကျော် အိုးအိမ်စွန့်ခွာခဲ့ကြောင်း သိရသည်။ ။

 

ပြီးခဲ့သည့်သီတင်းပတ်ကုန်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မလေးရှားနိုင်ငံတစ်ဝန်း၌ အဆိုးရွားဆုံး ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး မြို့ကြီးများနှင့် ကျေးရွာအများအပြားတွင် ရေလွှမ်းမိုးမှုများ ဖြစ်ပွားခဲ့ကာ အဓိကလမ်းများလည်း ပိတ်ဆို့မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ကွာလာလမ်ပူမြို့အနီးတွင် တည်ရှိသော နိုင်ငံ၏လူဦးရေအထူထပ်ဆုံးနှင့် အချမ်းသာဆုံးဆီလန်ဂေါ ပြည်နယ်သည် ရေကြီးရေလျှံမှုဒဏ် အဆိုးရွားဆုံး ခံရသည့် ဒေသတစ်ခုဖြစ်သည်။ ထို့အတူ ပြည်နယ်၏ မြို့တော် ရှာအလမ်မြို့ရှိ နေရာတချို့သည် ယနေ့အထိ ရေကြီးမှုများဖြင့် ရင်ဆိုင်နေရဆဲဖြစ်သည်။

 

ထို့ကြောင့် တပ်မတော်သားများသည် နေအိမ်များတွင် သောင်တင်နေကြသောပြည်သူများနှင့် အစိုးရ၏ ခိုလှုံရေးစခန်း များတွင် နေထိုင်ကြသော ပြည်သူများထံ စစ်ဘက်သုံးသင်္ဘောများဖြင့် အစားအစာများ ဖြန့်ဝေပေးလျက်ရှိသည်။

 

ဒေသဆိုင်ရာအစိုးရသည် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် ရေကြီးရေလျှံမှု ဖြစ်ပွားသည့်နေရာများသို့ တပ်မတော်သားများနှင့် ကူညီကယ်ဆယ်ရေးလုပ်သား ထောင်နှင့်ချီ စေလွှတ်ခဲ့ကြောင်း သိရသည်။ သို့ရာတွင် ယင်းကူညီကယ်ဆယ်ရေး လုပ်သားအင်အားသည် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် မလုံလောက်သည့် အတွက် စေတနာ့ဝန်ထမ်းများကသာ အစားအစာနှင့် သင်္ဘောများစေလွှတ်ရေးအတွက် ကြိုးပမ်းလုပ်ဆောင် နေရကြောင်း ဝေဖန်ရေးသမားများက ထောက်ပြပြောကြားခဲ့သည်။

 

ကိုးကား - အေအက်ဖ်ပီ

ဘာသာပြန် - ဂျေတီ