နေပြည်တော် ၁ နိုဝင်ဘာ
မလေးရှားနိုင်ငံတွင် အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံပြီးနောက် ထိန်းသိမ်းခံထားရသော မြန်မာနိုင်ငံသား (၂၈၀)အား မလေးရှားနိုင်ငံ အစိုးရအစီအစဉ်ဖြင့် Malaysia Airlines စင်းလုံးငှားအထူးလေယာဉ် ပျံသန်းပြေးဆွဲ လျက် ပြန်လည်ပို့ဆောင်ခဲ့ရာ ယနေ့ နံနက် ၁၀ နာရီ မိနစ် ၂၀ တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများမှ လွှဲပြောင်းလက်ခံခဲ့သည်။
အဆိုပါ ထိန်းသိမ်းခံမြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်နိုင်ရေးအတွက် သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ နိုင်ငံသားမှန်ကန်မှုစိစစ်၍ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးမှ မည်သူမည်ဝါ ဖြစ်ကြောင်း သက်သေခံလက်မှတ်(Certificate of Identity- C of I) ထုတ်ပေးခဲ့ပြီးနောက် နိုင်ငံခြားရေးဝန်ကြီးဌာန အနေဖြင့် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ မလေးရှားနိုင်ငံရှိ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ကွာလာလမ်ပူမြို့ မြန်မာသံရုံး၊ မြန်မာနိုင်ငံရှိ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့တို့နှင့် ပူးပေါင်းညှိနှိုင်းလျက် ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်သည်။
ဖော်ပြပါထိန်းသိမ်းခံ မြန်မာနိုင်ငံသားများ လိုက်ပါစီးနင်းလာသည့် စင်းလုံးငှားအထူး လေယာဉ်ဆိုက်ရောက် ပျံသန်းရေးဆိုင်ရာ ကိစ္စရပ်များအား ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှလည်းကောင်း၊ ၎င်းတို့ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ကိစ္စရပ်များအား အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှလည်းကောင်း၊ ကျန်းမာရေးစိစစ်ရေးနှင့် သီးသန့်စီစဉ်ပေးသည့် နေရာများ၌ အသွားအလာကန့်သတ်မှု (၇)ရက်နှင့် နေအိမ်တွင် အသွားအလာကန့်သတ်မှု(၇)ရက် နေထိုင်စေရေးတို့ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့မှလည်းကောင်း၊ သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် အသီးသီးတာဝန်ယူ ဆောင်ရွက်ပေးခဲ့သည်။
နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးနှင့် ညှိနှိုင်းပေါင်းစပ်လျက် မလေးရှားနိုင်ငံရောက် ထိန်းသိမ်းခံ မြန်မာနိုင်ငံသားများ၊ အလုပ်လက်မဲ့ဖြစ်နေသည့် တရားဝင် မြန်မာအလုပ်သမားများ၊ အကြောင်းအမျိုးမျိုး ကြောင့် မြန်မာနိုင်ငံသို့ ပြန်ရန်အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ ပြန်နိုင်ရေးအတွက် ကယ်ဆယ်ရေး/ အထူးလေယာဉ်များ(၂၄)ကြိမ်တိုင်တိုင် ပျံသန်းပြေးဆွဲကာ ထိန်းသိမ်းခံမြန်မာနိုင်ငံသား (၇၈၈)ဦး အပါအဝင် မြန်မာနိုင်ငံသား စုစုပေါင်း (၄၀၃၅)ဦးအား ပြန်လည်ခေါ်ဆောင်ပေးနိုင်ခဲ့ ပြီးဖြစ်သည်။
ဆက်လက်၍လည်း နိုဝင်ဘာ ၅ ရက်တွင် ထိန်းသိမ်းခံမြန်မာနိုင်ငံသား (၇၀၀) ကျော်ကို မလေးရှားနိုင်ငံအစိုးရ အစီအစဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ရန် ညှိနှိုင်းဆောင်ရွက်ထားရှိကြောင်း သိရသည်။
သတင်းစဉ်


