မလေးရှားနိုင်ငံ၏ အကြီးဆုံးပြည်သူ့ဆေးရုံ၌ မီးလောင်မှုဖြစ်ပွား၊ လူသေဆုံးမှု မရှိ

မတ် ၁၈ ကွာလာလမ်ပူ

မလေးရှားနိုင်ငံ၏ အကြီးဆုံးပြည်သူ့ဆေးရုံတစ်ခုရှိ မှုခင်းဆေးပညာဌာန၌ ယမန်နေ့က မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနာများ၊ ဝန်ထမ်းများနှင့် ဧည့်သည်များကို ဘေးကင်းရာသို့ ရွှေ့ပြောင်းခဲ့ရကြောင်း ရိုက်တာသတင်း တစ်ရပ်အရ သိရသည်။

ကွာလာလမ်ပူဆေးရုံကြီးရှိ မှုခင်းဆေးပညာဌာနမှာ ပြီးခဲ့သည့်နှစ်က အသတ်ခံခဲ့ရသည့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွမ်၏ အစ်ကိုဝမ်းကွဲ ကင်ဂျုံနမ်၏ ခန္ဓာကိုယ်အား ဆေးဘက်ဆိုင်ရာ ခွဲစိတ် စစ်ဆေးမှုကြောင့် ကမ္ဘာတစ်ဝန်းမှ လူအများ၏ စိတ်ဝင်စားမှုကို ခံခဲ့ရသည်။ မီးသတ်သမားများက မီးကိုကြိုးစားငြှိမ်းသတ်ခဲ့ပြီး မီးလောင်မှုအတွင်း လူသေဆုံးမှုမရှိခဲ့ကြောင်း ဆေးရုံ အာဏာပိုင်များက ပြောကြားသည်။

တွစ်တာနှင့် ဖေ့စ်ဘုတ်ပေါ်မှ ဓာတ်ပုံများ၊ ဗွီဒီယိုဖိုင်များတွင် ဆေးရုံဝန်ထမ်းများက ဒါဇင်နှင့်ချီသော လူနာများကို လူနာထမ်းစင်များ၊ ဘီးတပ်ကုလားထိုင်များဖြင့် ဘေးကင်းရာသို့ ရွှေ့ပြောင်းနေပုံကို ပြသခဲ့သည်။ “မီးလောင်ရတဲ့အကြောင်းနဲ့ ပျက်စီးဆုံးရှုံးမှုကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး ထပ်မံရရှိတဲ့ သတင်းအချက်အလက်တွေကို အချိန်နဲ့တစ်ပြေးညီ ထုတ်ပြန်ပေးသွားမှာ ဖြစ်ပါတယ်” ဟု ဆေးရုံကြီး၏ ညွှန်ကြားရေးမှူး ဒေါက်တာ နော်အတ်ခမာဘင်တီယူစွပ်က ပြောကြားသည်။

ကွာလာလမ်ပူဆေးရုံကြီး၌ ဖြစ်ပွားခဲ့သည့် မီးလောင်မှုမှာ နိုင်ငံ၏ ထိပ်တန်းမှုခင်းဆေးပညာ အေဂျင်စီဖြစ်သည့် အမျိုးသား မှုခင်းဆေးပညာဌာနမှ စတင်ခဲ့သည်ဟု ယုံကြည်ရကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ မှုခင်းဆေးပညာဌာနမှာ ကင်ဂျုံနမ်၏အလောင်း ခွဲစိတ်စစ်ဆေးမှုအပါအဝင် မလေးရှားနိုင်ငံ၌ ထိပ်တန်းမှုခင်း အမြောက်အမြားကို ကိုင်တွယ် ဖြေရှင်းပေးခဲ့သည်။

MDN