၁၂ အောက်တိုဘာ
မလေးရှားနိုင်ငံမှာ သေဒဏ်အပြစ်ပေးခြင်းကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း မနေ့က ကြေညာလိုက်ပါတယ်။ ဒီဥပဒေက ဗြိတိသျှကိုလိုနီခေတ်က ဥပဒေဖြစ်ပြီး သေဒဏ်အပြစ်ပေးရမယ့် ပြစ်မှုတွေကတော့ လူသတ်မှု၊ ပြန်ပေးဆွဲမှု၊ လက်နက်ပစ္စည်း လက်ဝယ်ပိုင်ဆိုင်မှု၊ မူးယစ်ဆေးဝါးသယ်ယူမှုတွေနဲ့ တခြား ရာဇဝတ်မှုတွေဟာ ကြိုးပေးအသတ်ခံရမယ့် အမှုတွေ ဖြစ်ပါတယ်။
လက်ရှိမှာ သေဒဏ်အပြစ်ပေးရမယ့် လူပေါင်း ၁၂၀ဝ ကျော်ဟာ သေဒဏ် အပြစ်ပေးခံမယ့်သူတွေဖြစ်ပြီး အခုတော့ အဲဒီပြစ်ဒဏ်ကနေ ဆိုင်းငံ့ထားပြီဖြစ်ပါတယ်။
မလေးရှားနိုင်ငံက သေဒဏ်အပြစ်ပေးတဲ့ ဥပဒေကို ပယ်ဖျက်လိုက်တဲ့အပေါ်မှာ လူ့အခွင့်ရေးအဖွဲ့တွေက ကြိုဆိုလိုက်ကြပါတယ်။
မလေးရှား ဆက်သွယ်ရေးနဲ့ မာတီမီဒီယာ ဝန်ကြီးဌာနရဲ့ ဝန်ကြီးက“ဒီဥပဒေကို မလေးရှားပြည်သူတွေက လက်မခံကြောင်း ထုတ်ဖော်ပြသတဲ့အတွက် အခုလို ဖျက်သိမ်းလိုက်တာဖြစ်ကြောင်းနဲ့ ဥပဒေကို အမြန်ဆုံးပြင်ဆင်သွားမယ်လို့ သူတို့အနေနဲ့မျှော်လင့်ကြောင်း” ပြောပါတယ်။
ကမ္ဘာမှာ လေးပုံသုံးပုံသော နိုင်ငံတွေမှာ သေဒဏ်အပြစ်ပေးမှုကို ဖျက်သိမ်းပြီး ဖြစ်ပါတယ်။ အခုတော့ အဲဒီနိုင်ငံတွေ စာရင်းမှာ မလေးနိုင်ငံ က ဝင်ရောက်လာတာ ဖြစ်တဲ့အတွက် ကြိုဆိုကြောင်း၊ ၂၀၁၇ ခုနှစ် မှတ်တမ်းတွေအရာ နိုင်ငံပေါင်း ၂၃ နိုင်ငံမှာသာ သေဒဏ်အပြစ်ပေးခြင်းတွေကို ဆက်လက်ကျင့်သုံးနေတာ ဖြစ်ကြောင်းနဲ့ အဲဒီနိုင်ငံတွေထဲမှာ တရုတ်နိုင်ငံမှာ သေဒဏ်အပြစ်ပေးမှုဟာ အများဆုံးဖြစ်တယ်လို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာရေး အဖွဲ့ AI က ထုတ်ပြန်ပါတယ်။
အရှေ့တောင်အာရှ နိုင်ငံတွေထဲက အင်ဒိုနီးရှား၊ စင်ကာပူနဲ့ ထိုင်းနိုင်ငံတွေမှာ သေဒဏ်အပြစ်ပေးနိုင်တဲ့ ဥပဒေဆက်လက်ကျင့်သုံးနေဆဲ ဖြစ်ပါတယ်။
MDN
ကိုးကား-AFP