ဖေဖော်ဝါရီ ၉
မလေးရှားနိုင်ငံ၏လူဦးရေသည် ၂၀၂၂ ခုနှစ် စတုတ္ထသုံးလပတ်တွင် ၃၃ သန်းအထိရောက်ရှိလာကြောင်းနှင့် ၂၀၂၁ ခုနှစ် စတုတ္ထသုံးလပတ်က လူဦးရေ ၃၂ ဒသမ ၆ သန်းနှင့်နှိုင်းယှဉ်ပါက လူဦးရေ ၁ ဒသမ ၃ ရာခိုင်နှုန်းမြင့်တက်လာသည်ဟု ယနေ့တွင် တရားဝင်အချက်အလက်ထုတ်ပြန်ခဲ့သည်။
နိုင်ငံ့လူဦးရေတွင် နိုင်ငံသား ၃၀ ဒသမ ၄ သန်းနှင့် နိုင်ငံသားမဟုတ်သူ ၂ ဒသမ ၆ သန်းတို့ပါဝင်ကြောင်းနှင့် ရာခိုင်နှုန်းအားဖြင့် နိုင်ငံသား ၉၂ ရာခိုင်နှုန်းနှင့် နိုင်ငံသားမဟုတ်သူ ၈ ရာခိုင်နှုန်းတို့ဖြစ်ကြောင်း မလေးရှားအချက်အလက်ထုတ်ပြန်ရေးဌာနက ထုတ်ပြန်ချက် ( ဒီအိုအက်စ်အမ် )တွင် ပြောကြားထားသည်။
မလေးရှားနိုင်ငံတွင် နိုင်ငံသားမဟုတ်သူ ကျောင်းသားများနှင့် နိုင်ငံခြားသားအလုပ်သမားများဦးရေတိုးပွားလာသဖြင့် နိုင်ငံ့လူဦးရေ မြင့်တက်လာခြင်းဖြစ်သည်ဟု ဒီအိုအက်စ်အမ်၏ပြောကြားချက်အရ သိရသည်။
၂၀၂၁ ခုနှစ် စတုတ္ထသုံးလပတ်က မွေးဖွားမှု ၁၁၂၂၀၅ ဦးနှင့်နှိုင်းယှဉ်ပါက ၂၀၂၂ ခုနှစ်မွေးဖွားမှု ၁၀၉၈၄၂ ဦးရှိသဖြင့် မွေးဖွားမှုတွင် ၂ ဒသမ ၁ ရာခိုင်နှုန်းလျော့ကျခဲ့သည်။
သေဆုံးမှုတွင် ၂၀၂၂ ခုနှစ် စတုတ္ထသုံးလပတ်က ၄၈၇၈၀ ဦးသေဆုံးခဲ့ရာ ၂၀၂၁ ခုနှစ် သေဆုံးမှု ၅၄၃၁၆ နှင့်နှိုင်းယှဉ်ပါက ၁၀ ဒသမ ၂ ရာခိုင်နှုန်းလျော့ကျခဲ့သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို