ကွာလာလမ်ပူ ဒီဇင်ဘာ ၁၄

 

မလေးရှားနိုင်ငံ၌ အိုမီခရွန် ဗီဇပြောင်း ဗိုင်းရပ်စ်သစ် ကူးစက်ဖြစ်ပွားသူ တွေ့ရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး ခါရီဂျမာလူဒင်က ပြောကြားလိုက်မှုနှင့်အတူ ဒီဇင်ဘာ ၁၃ ရက်က ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားသူ ၃၄၉၀ တိုးလာကြောင်း အတည်ပြုဖော်ပြခဲ့သည်။

 

ထို့အတူ နိုင်ငံအတွင်း စုစုပေါင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူပေါင်း ၂၆၉၁၆၃၉ ဦးအထိ ရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ဖော်ပြလိုက်သည်။

 

ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၁၄ ဦးမှာ ပြည်ပကူးစက်မှုဖြစ်ပြီး ၃၄၇၆ ဦးမှာ ပြည်တွင်းကူးစက်မှု ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

 

နောက်ထပ် ၁၇ ဦး ကိုဗစ်-၁၉ ကြောင့် ထပ်မံ သေဆုံးကြောင်း ဖော်ပြမှုနှင့်အတူ စုစုပေါင်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၃၀၈၇၉ ဦးရှိလာခဲ့ပြီဖြစ်သည်။

 

ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမှ ပြန်လည်ကျန်းမာပြီး ဆေးရုံမှဆင်းလာသူ ၅၃၉၉ ဦးအပါအဝင် စုစုပေါင်း ကိုဗစ်-၁၉ ကင်းစင်သွားသူပေါင်း ၂၆၀၁၉၀၈ ဦး ရှိလာပြီဖြစ်သည်။

 

ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားလျက်ရှိသူ ၅၈၈၅၂ ဦး အနက် ၄၀၇ ဦးမှာ အထူးကြပ်မတ် ကုသဆောင်တွင် ဆေးကုသမှု ခံယူလျက်ရှိပြီး ၎င်းတို့အနက် ၂၁၆ ဦးမှာ အသက်ရှူ အထောက်အကူ လိုအပ်လျက်ရှိကြောင်း သိရသည်။

 

ဒီဇင်ဘာ ၁၂ ရက် တစ်ရက်တည်း၌ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီးသူ ၆၇၃၇၆ ဦးရှိခဲ့ရာ လူဦးရေ၏ ၇၉ ဒသမ ၄ ရာခိုင်နှုန်းမှာ ကာကွယ်ဆေး အနည်းဆုံး တစ်ကြိမ်ထိုးနှံပြီးဖြစ်ကြောင်းသိရပြီး ၇၈ ဒသမ ၁ ရာခိုင်နှုန်းမှာ ကာကွယ်ဆေး အပြည့်အဝထိုးနှံပြီးပြီ ဖြစ်သည်။

 

ဆင်ဟွာ