(၂၃-၁၁-၂၀၂၀ ရက်၊ နေပြည်တော်)

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်း ထားခြင်းကြောင့် မလေးရှားနိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့်  မြန်မာနိုင်ငံသား (၁၇၀) ဦးအား မြန်မာ သံရုံး၊ ကွာလာလမ်ပူမြို့မှ စီစဉ်သည့် မြန်မာ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယနေ့ညနေ ၅ နာရီတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည် ရောက်ရှိခဲ့ကြကြောင်း သိရပါသည်။

၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေးစိစစ်ရေး၊ သီးသန့်စီစဉ်ပေးသည့်နေရာ / သတ်မှတ် ဟိုတယ်များ၌ အသွားအလာ ကန့်သတ်မှု (၇)ရက်နှင့် နေအိမ်တွင် အသွားအလာ ကန့်သတ်မှု (၇) ရက် နေထိုင်စေရေး တို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် တာဝန်ယူ ဆောင်ရွက်ပေးခဲ့ပါသည်။ 

ဆက်လက်၍လည်း မလေးရှားနိုင်ငံရောက် အထောက်ထားမဲ့ မြန်မာနိုင်ငံသားများနှင့် အကြောင်းအမျိုးမျိုးကြောင့် မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေးစခန်းများတွင် ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရသည့်  မြန်မာနိုင်ငံ သားများအား နိုင်ငံသား ဖြစ်တည်မှု မှန်ကန်ကြောင်း အထောက်အထားများ စိစစ်လျက် မြန်မာနိုင်ငံသို့ ကယ်ဆယ်ရေးလေယာဉ်များဖြင့် ဆောလျင်စွာ ပြန်လည် ခေါ်ဆောင်နိုင်ရေးအတွက် နိုင်ငံခြားရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုများနှင့်အညီ မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့အနေဖြင့် မလေးရှားနိုင်ငံရှိ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် နီးကပ်စွာ ပူးပေါင်း ညှိနှိုင်းဆောင်ရွက်လျက်ရှိပါသည်။ ယနေ့အထိ မလေးရှားနိုင်ငံမှ ကယ်ဆယ်ရေးလေယာဉ် (၃၃) ကြိမ်တိုင် ပျံသန်းပြေးဆွဲပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

Crd - Ministry of Foreign Affairs Myanmar