နေပြည်တော် ၅ သြဂုတ်
နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် မလေးရှားနိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၁၆၆)ဦးတို့အား အဋ္ဌမကြိမ်မြောက် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ညနေ (၁၆:၀၀) နာရီအချိန်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြသည်။
၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေးစိစစ်ရေးနှင့် (၂၁)ရက်တာ အသွားအလာကန့်သတ်နေထိုင်ရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာအခန်းကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက် ပေးခဲ့သည်။
ဆက်လက်၍လည်း မလေးရှားနိုင်ငံရောက် အထောက်ထားမဲ့ မြန်မာနိုင်ငံသားများနှင့် အကြောင်းအမျိုးမျိုးကြောင့် မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေးစခန်းများတွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် မြန်မာနိုင်ငံသားများအား နိုင်ငံသား ဖြစ်တည်မှု မှန်ကန်ကြောင်း အထောက်အထားများ စိစစ်လျက် မြန်မာနိုင်ငံသို့ ကယ်ဆယ်ရေးလေယာဉ်များဖြင့် ဆောလျင်စွာ ပြန်လည်ခေါ်ဆောင်နိုင်ရေးအတွက် နိုင်ငံခြားရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုများနှင့်အညီ မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့အနေဖြင့် မလေးရှားနိုင်ငံရှိ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် နီးကပ်စွာ ပူးပေါင်း ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်းကိုလည်း သိရှိရသည်။
Credit #Ministry_of_Foreign_Affairs