ကွာလာလမ်ပူ  ၅  မေ

မလေးရှားနိုင်ငံ၌ ပြီးခဲ့သည့်ရက်များ အတွင်း ကိုဗစ်-၁၉ ထပ်မံကူးစက်ခံ ရမှု လျော့ကျလာခဲ့ပြီးနောက် မေ ၄ ရက်တွင် နိုင်ငံအတွင်းရှိ စီးပွားရေးလုပ်ငန်းအများစုကို ပြန်လည်စတင် ရန်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

မလေးရှားနိုင်ငံအတွင်း ရောဂါ ထပ်မံကူးစက်ခံရသူ ၅၅ ဦးထပ်မံ တွေ့ရှိခဲ့ရပြီး ၎င်းတို့အနက် ခုနစ်ဦးမှာ ပြည်ပမှ ကူးစက်ခံခဲ့ရသူများဖြစ်ကာ ကျန်လူများမှာ ပြည်တွင်း၌ ကူးစက်ခံရသူများဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် နိုင်ငံအတွင်းရောဂါ ကူးစက်ခံရသူ အရေအတွက် စုစုပေါင်း ၆၃၅၃ ဦးရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာန အထွေအထွေညွှန်ကြားရေးမှူး နော်ဟီရှမ်အဗ္ဗဒူလာက သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားခဲ့သည်။

လက်ရှိတွင် ဆေးရုံ၌ တက်ရောက်ကုသနေသူ ၁၇၆၄ ဦးရှိပြီး ၂၈ ဦးမှာ အထူးကြပ်မတ်ကုသဆောင်၌ ကုသမှု ခံယူရလျက်ရှိကာ ၁၃ ဦးမှာ အသက်ရှူအထောက်အကူပြု ကိရိယာအသုံးပြုရန် လိုအပ်သည့်အခြေအနေတွင် ရှိကြောင်း သိရသည်။

ရောဂါကူးစက်ခံခဲ့ရပြီး နေပြန်ကောင်းလာသူ ၇၁ ဦးထပ်မံပေါ်ထွက် လာပြီးနောက် ဆေးရုံမှပြန်ဆင်းလာသူ အရေအတွက် ၄၄၈၄ ဦးရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနကဖော်ပြသည်။

မလေးရှား၌ ယခုရက်ပိုင်းအတွင်း သေဆုံးသူ ပေါ်ထွက်လာခြင်း မရှိသည့်အတွက် နိုင်ငံအတွင်း စုစုပေါင်း သေဆုံးသူ အရေအတွက်မှာ ၁၀၅ ဦး ဖြင့် ရပ်တန့်နေဆဲဖြစ်သည်။ မေ ၄ ရက်တွင် တစ်နိုင်ငံလုံး အသွားအလာ ကန့်သတ်ပိတ်ဆို့ထားမှုကို ဖြေလျှော့ပေးခဲ့ပြီး စီးပွားရေးလုပ်ငန်းအချို့ ပြန်လည်ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။

ကွာလာလမ်ပူ မြို့စွန်တွင် ဈေးဆိုင်အချို့၌ ဝန်ထမ်းများက ဝယ်သူများကို ဆိုင်ထဲသို့မဝင်ရောက်မီ အပူချိန်တိုင်းတာစစ်ဆေးမှုများ ဆောင်ရွက်ပေးခဲ့သည်။

ဆင်ဟွာ