မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၄၃၆၀ ထပ်မံတွေ့ရှိ

 

ကွာလာလမ်ပူ နိုဝင်ဘာ ၅

 

မလေးရှားနိုင်ငံ၌ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၄၃၆၀ ထပ်မံတွေ့ရှိခဲ့ရာ  လက်ရှိအချိန်အထိ ရောဂါ  ကူးစက်ခံရသူပေါင်း ၄၉၁၈၉၁၇ ဦးရှိကြောင်းမလေးရှား ကျန်းမာရေးဝန်ကြီးဌာနက ယနေ့သတင်းထုတ်ပြန်သည်။

 

ရောဂါထပ်မံကူးစက်ခံရသူများအနက် လေးဦးသည် နိုင်ငံရပ်ခြားမှ  ပြန်လည်ရောက်ရှိလာသူများ ဖြစ်ပြီး ကျန် ၄၃၅၆ ဦးသည် ပြည်တွင်းကူးစက်ခံရသူများဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ တရားဝင်ကိန်းဂဏန်းများအရ သိရသည်။  အလားတူ လွန်ခဲ့သော ၂၄ နာရီ အတွင်း တစ်ဦးထပ်မံသေဆုံးခဲ့ရာ အဆိုပါ ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူပေါင်း ၃၆၄၈၁ ဦးရှိလာပြီဖြစ်သည်။

 

သို့သော် လွန်ခဲ့သော ၂၄ နာရီ အတွင်း ၃၄၂၉ ဦး   ကျန်းမာရေး ပြန်လည် ကောင်းမွန်လာသည့်အတွက် ဆေးရုံများမှ ပြန်လည် ဆင်းသွားခဲ့ရာ ရောဂါပြန်လည် သက်သာလာသူပေါင်း ၄၈၄၆၈၉၇ ဦးရှိကြောင်း သိရသည်။

 

လက်ရှိတွင် ပိုးတွေ့ဆဲလူနာ ၃၅၅၃၉ ဦးရှိပြီး ယင်းတို့အနက် ၇၃ ဦးသည်  ရောဂါပြင်းထန်စွာ ခံစားနေရပြီး လူနာ ၅၃ ဦးသည် အသက်ရှူ  အထောက်အကူပြုကိရိယာများ  တပ်ဆင်ထားရကြောင်း သိရသည်။

 

လက်ရှိအချိန်အထိ ပြည်သူ ၈၆ ဒသမ ၁ ရာခိုင်နှုန်းသည် ကာကွယ်ဆေးတစ်ကြိမ် ထိုးနှံမှုခံယူပြီးဖြစ်သည်။ ပြည်သူ ၈၄ ဒသမ ၃ ရာခိုင်နှုန်းသည် ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံမှုခံယူပြီးဖြစ်ပြီး ပြည်သူ ၄၉ ဒသမ ၈ ရာခိုင်နှုန်းသည်  ထပ်ဆောင်း ကာကွယ်ဆေး ထိုးနှံမှုခံယူပြီးဖြစ်ကာ ပြည်သူ ၁ ဒသမ ၆ ရာခိုင်နှုန်းသည် ဒုတိယအကြိမ် ထပ်ဆောင်း ကာကွယ်ဆေးထိုးနှံမှု ခံယူပြီး ဖြစ်ကြောင်း သိရသည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အောင်ကျော်ကျော်