ဒီဇင်ဘာ ၂၉

မလေးရှားနိုင်ငံတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူဦးရေ ၄၈၀ ထပ်မံတွေ့ရှိခဲ့ပြီးနောက် ထိုရောဂါကူးစက်ခံရသူပေါင်း ၅၀၂၄၉၀၂ ဦး အထိရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနကပြောကြားသည်။

အဆိုပါရောဂါကူးစက်ခံရသူများအနက် ခြောက်ဦးသည် ပြည်ပပြန်ကူးစက်မှုဖြစ်ပြီး ၄၇၄ ဦးသည် ပြည်တွင်းကူးစက်မှုဖြစ်သည်ဟု ထိုဝန်ကြီးဌာန၏ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ထိုရောဂါကူးစက်ခံရမှုကြောင့် လေးဦးထပ်မံသေဆုံးခဲ့ပြီးနောက် ယင်းရောဂါဖြင့်သေဆုံးသူပေါင်း ၃၆၈၄၅ ဦး ရှိလာသည်။

၎င်းရောဂါကူးစက်ခံရသူများအနက် ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံအသီးသီးမှဆင်းသွားသူပေါင်း ၄၉၇၅၁၃၇ ဦးရှိကြောင်း သိရသည်။

နိုင်ငံတစ်ဝန်းတွင် ရောဂါကူးစက်မှုဖြစ်ပွားဆဲလူနာ ၁၂၉၂၀ ရှိပြီး ၄၁ ဦးသည် အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူလျက်ရှိသည်ဟု ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို