ဖေဖော်ဝါရီ ၁၄

မလေးရှားနိုင်ငံ၌ ယမန်နေ့က လေယာဉ်ငယ်တစ်စင်းပျက်ကျမှုကြောင့် သေဆုံးသူနှစ်ဦး၏အလောင်းများကို မလေးရှားအာဏာပိုင်များက ရှာဖွေတွေ့ရှိခဲ့သည်။ အဆိုပါလေယာဉ်ငယ်ပျက်ကျမှုတွင် သေဆုံးသူနှစ်ဦးသည် အသက် ၃၀ နှင့် ၄၂ နှစ်အရွယ်ရှိသူများဖြစ်ကြောင်း ဆီလန်ဂေါရဲတပ်ဖွဲ့အကြီးအကဲက ယမန်နေ့နှောင်းပိုင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထိုလေယာဉ်၏အပျက်အစီးအပိုင်းအစများကို လေယာဉ်ပျက်ကျမှုဖြစ်ပွားရာနေရာ၏အချင်းဝက် မီတာ ၅၀အတွင်း ရှာဖွေတွေ့ရှိခဲ့သော်လည်း အနီးအနားဒေသများ ပျက်စီးမှုမရှိဟုသိရသည်။ မလေးရှားအရပ်ဘက် လေကြောင်းအာဏာပိုင်များက လေယာဉ်ပျက်ကျမှုကြောင့် သေဆုံးသူနှစ်ဦးတွင် လေယာဉ်မှူးတစ်ဦးပါဝင်ကြောင်း ယမန်နေ့မွန်းလွဲပိုင်းက အတည်ပြုထုတ်ပြန်ထားသည်။ ထိုလေယာဉ်ငယ်သည် ဆီလန်ဂေါပြည်နယ် ကာပါမြို့အနီး ဆီအုန်းစိုက်ခင်းအတွင်းသို့ ပျက်ကျသွားခဲ့ခြင်းဖြစ်သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို