ကွာလာလမ်ပူ ဇန်နဝါရီ ၁၂
မလေးရှားနိုင်ငံ၏ စီးပွားရေးလုပ်ငန်းများ၏ ၉၁ ရာခိုင်နှုန်းကို ၂၀၂၈ ခုနှစ်အရောက်တွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သုံးစွဲမှုမြှင့်တင်ခြင်းနှင့်အတူ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းခြင်းနှင့် ဉာဏ်ရည်တုနည်းပညာ သုံးစွဲမှုမြှင့်တင်ရေးဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံအတွင်း လျှပ်စစ်မီးရရှိရေးဆောင်ရွက်ခြင်း၊ လျှပ်စစ်ကားများအသုံးပြုမှုများလာခြင်းနှင့် ဉာဏ်ရည်တုနည်းပညာ သုံးစွဲမှုများလာခြင်းတို့ကြောင့် ယခုကဲ့သို့ဆောင်ရွက်ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။ နိုင်ငံအတွင်း အမျိုးသားလျှပ်စစ်အသွင်ကူးပြောင်းရေးလုပ်ငန်းအရ ၂၀၅၀ ပြည့်နှစ်တွင် ဓာတ်အားသုံးစွဲမှု၏ ၇၀ ရာခိုင်နှုန်းကို ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်မှရယူရေး ရည်မှန်းဆောင်ရွက်နေသည်။ နိုင်ငံအတွင်းရှိ လုပ်ငန်းများ၏ ၈၃ ရာခိုင်နှုန်းသည် လျှပ်စစ်မီးရရှိရေး လုပ်ငန်း၊ ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေးနှင့် စွမ်းအင်ဆိုင်ရာ ကုန်ကျစရိတ်များ လျှော့ချရေးကဏ္ဍ များတွင် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်နေပြီး လုပ်ငန်းများ၏ ၇၂ ရာခိုင်နှုန်းသည် အိမ်ခေါင်မိုး ဆိုလာလျှပ်စစ်ထုတ်လွှတ်ရေးလုပ်ငန်းဆောင်ရွက်နေကာ ၅၄ ရာခိုင်နှုန်းမှာ ပိုနေသည့် ဓာတ်အားများကို ပင်မလျှပ်စစ်ဓာတ်အားပေးစနစ်သို့ ပြန်လည်ရောင်းချရေးဆောင်ရွက်နေကြောင်း သိရသည်။ နိုင်ငံအတွင်းရှိ ထုတ်လုပ်ရေးလုပ်ငန်းများနှင့် သတင်းအချက်အလက်နည်းပညာလုပ်ငန်းများသည် လက်ရှိအချိန်တွင် ဓာတ်အားသုံးစွဲမှု မြင့်တက်လာကြောင်း သိရသည်။ နိုင်ငံအတွင်းရှိ စွမ်းအင်ဖြန့်ဖြူးရေးလုပ်ငန်းများ၊ မူဝါဒချမှတ်သူများနှင့် ဝန်ဆောင်မှုလုပ်ငန်းများအကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ခြင်းဖြင့် နိုင်ငံ၏စွမ်းအင်အနာဂတ်ကို ကောင်းလာစေမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ


