ကွာလာလမ်ပူ ဒီဇင်ဘာ ၂၀

 

မလေးရှားနိုင်ငံရှိ ဒေသအများအပြား၌ မိုးသည်းထန် စွာရွာသွန်းမှုများကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သဖြင့် ဒေသခံများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း ဝန်ကြီးချုပ် အစ္စမေး ဆာဘရီယာကော့က ပြောကြားသည်။

 

လက်ရှိအချိန်၌ ဆီလန်ဂေါပြည်နယ်မှ ဒေသခံ အများစုပါဝင်သော လူပေါင်း ၂၁၀၀၀ ကျော်သည် ကယ်ဆယ်ရေးစင်တာများ၌ ယနေ့ ခိုလှုံနေရကြောင်း သိရသည်။ မလေးရှားအစိုးရသည် အဆိုပါရေကြီးမှုများအတွင်း ပျက်စီးသွားသော လူနေအိမ်များနှင့် အိမ်ထောင်စုများအတွက် ကနဦးထောက်ပံ့ငွေအဖြစ် မလေးရှားရင်းဂစ်သန်း ၁၀၀ ကို ထောက်ပံ့ပေးအပ် သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် အစ္စမေးဆာဘရီ ယာကော့က ပြောကြားသည်။ ကီလန်တန်ပြည်နယ်တွင်လည်း လက်ရှိအချိန်၌ ဒေသခံ ၃၆၀၀ ကျော်အား ကယ်ဆယ်ရေးစခန်း ၄၄ ခု၌ ကယ်ဆယ်ထားရှိကြောင်းနှင့် အဆိုပါပြည်နယ်အတွင်းရှိ မြစ်များ၌ ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ အလားတူ တီရန်ဂါနာပြည်နယ်တွင်လည်း လူပေါင်း ၂၆၀ အား ကယ်ဆယ်ရေးစခန်းများ၌ကယ်ဆယ်ထား ရှိကြောင်း သိရသည်။

 

မလေးရှားအစိုးရသည် အဆိုပါသဘာဝဘေး ဒဏ်သင့်ပြည်သူများအတွက် ကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်နိုင်ရန် ကယ်ဆယ်ရေးဝန်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးအေဂျင်စီမှ တာဝန်ရှိသူများအား တာဝန်ပေးအပ်ထားကြောင်း သိရသည်။ လက်ရှိအချိန်၌ အဆိုပါ ရေကြီးမှုဘေး ကယ်ဆယ်ရေးဆိုင်ရာ လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေး အတွက်လုံလောက်သော သတင်းအချက်အလက်များ ရရှိပြီးဖြစ်ကာ ၎င်းဖြစ်စဉ်နှင့်ပတ်သက်သည့် အခြေအနေကို မျက်ခြည်မပြတ် စောင့်ကြည့်လျက်ရှိကြောင်း ဝန်ကြီးချုပ်အစ္စမေး ဆာဘရီယာကော့က ပြောကြားသည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ