မလေးရှားနိုင်ငံသို့ တရားမဝင်ထွက်ခွာမည့်သူ ၁၄ ဦးနှင့် ပို့ဆောင်သူအမျိုးသားနှစ်ဦးအား ဖမ်းဆီးရမိ

နေပြည်တော်  ၁၀  ဖေဖော်ဝါရီ 
    

စစ်တွေမြို့နယ် သဲချောင်းကျေးရွာ အနောက်ဘက် (၃)မိုင်ခန့်အကွာ ပင်လယ်ပြင်၌ ဖေဖော်ဝါရီ ၆ ရက်တွင် လှည့်ကင်းဆောင်ရွက်နေသည့် စစ်ရေယာဉ်က  မလေးရှားနိုင်ငံသို့ တရားမဝင်ထွက်ခွာမည့်သူ  ၁၄ ဦးနှင့် ပို့ဆောင်သူ အမျိုးသား နှစ်ဦးအား  ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

mdn

    

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၆ ရက်  ညနေ ၅ နာရီခွဲခန့်တွင် စစ်တွေမြို့နယ်၊ သဲချောင်းကျေးရွာ အနောက်ဘက်(၃)မိုင်ခန့်အကွာ ပင်လယ်ပြင်၌ စစ်ရေယာဉ်တစ်စီး လှည့်ကင်းဆောင်ရွက်စဉ် မသင်္ကာဖွယ်ရာ စက်လှေတစ်စီးအားတွေ့ရှိ၍ အချက်ပြခေါ် ယူရာ လာရောက်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသွားသဖြင့် လိုက်လံဖမ်းဆီးခဲ့ရာ ကော့ သောင်းမြို့ ရွှေဟင်္သာရပ်ကွက်နေ ပဲ့နင်း ဝင်းဇော်   (ဘ)ဦးစံငွေ နှင့် ဘီးလင်းမြို့နယ် နှင်းပုလဲ ကျေးရွာနေ စိုးတင့်(ခ)စိုးဝင်း   (ဘ)ဦးထွန်းဆိုင် တို့နှင့်အတူ စက်လှေပေါ်တွင် စစ်တွေ မြို့နယ် ဒါးပိုင်ကျေးရွာနေ ကာမာ (၁၅)နှစ်(ဘ)မာနစ် အပါအဝင်  အမျိုးသား  ၇ ဦး နှင့် အမျိုးသမီး  ၇ ဦး   တို့အား တွေ့ရှိခဲ့ကြောင်း၊ စစ်ဆေးချက်အရ  ၎င်းတို့အား တစ်ဦးလျှင် ငွေကျပ် သိန်း ၃၀ ရယူ၍ မလေးရှားနိုင်ငံသို့ ပို့ဆောင်ရန် ကော့သောင်းမြို့ ရွှေဟင်္သာရပ်ကွက်နေ လှေပိုင်ရှင် ဦးငြိမ်း က ဖမ်းဆီးရမိစက်လှေအား စေလွှတ်ခေါ်ယူပြီး စစ်တွေမြို့၊ ခတင်ပိုက်ကျေးရွာနေ မောင်မောင်ခိုင် (၂၅)နှစ် (ဘ)ဇော်မီဒိန်က ဆက်သွယ် စုဆောင်းပေးကာ ရေချမ်းပြင်ဆိပ်ကမ်းအနီး၌ တင်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရ၍ ဖမ်းဆီးရမိသည့် ပို့ဆောင်သူ ဝင်းဇော်ပါ ၂ ဦးနှင့် တိမ်းရှောင်လျက်ရှိသည့် ဆက်သွယ် စုဆောင်းသူ ဦးငြိမ်းပါ ၂ ဦးတို့အား စစ်တွေမြို့မရဲစခန်း၌ ဥပဒေနှင့်အညီ အမှုဖွင့် ဆောင်ရွက်လျက်ရှိပြီး မလေးရှားနိုင်ငံသို့ တရားမဝင်ထွက်ခွာမည့်သူ (၁၄) ဦးကိုလည်း လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ သတင်းရရှိသည်။ 

 

(သတင်းစဉ်)