နေပြည်တော်  ၉  နိုဝင်ဘာ

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် မလေးရှားနိုင်ငံ၊ ထိန်းသိမ်းရေးစခန်းများတွင် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာနိုင်ငံသား(၄၅)ဦး အပါအဝင် မလေးရှားနိုင်ငံ တွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား စုစုပေါင်း(၁၇၆)ဦးကို ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးမှစီစဉ်သည့် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ညနေ ၅ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာပြန်လည် ရောက်ရှိခဲ့ကြသည်။

၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေး စိစစ်ရေး၊ သီးသန့်စီစဉ်ပေးသည့်နေရာ/ သတ်မှတ်ဟိုတယ်များ၌ အသွားအလာကန့်သတ်မှု (၇)ရက်နှင့် နေအိမ်တွင် အသွားအလာကန့်သတ်မှု (၇)ရက် နေထိုင်စေရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်ပေးခဲ့ကြသည်။  

ဆက်လက်၍လည်း မလေးရှားနိုင်ငံရောက် အထောက်ထားမဲ့ မြန်မာနိုင်ငံသားများနှင့် အကြောင်း အမျိုးမျိုးကြောင့် မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေးစခန်းများတွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့်  မြန်မာ နိုင်ငံသားများအား နိုင်ငံသားဖြစ်တည်မှုမှန်ကန်ကြောင်း အထောက်အထားများ စိစစ်လျက် မြန်မာနိုင်ငံ သို့ ကယ်ဆယ်ရေးလေယာဉ်များဖြင့် ဆောလျင်စွာ ပြန်လည်ခေါ်ဆောင်နိုင်ရေးအတွက် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ လမ်းညွှန်မှုများနှင့်အညီ မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့အနေဖြင့် မလေးရှားနိုင်ငံရှိ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့်နီးကပ်စွာ ပူးပေါင်းညှိနှိုင်းဆောင်ရွက် လျက်ရှိသည်။ ယနေ့ထိ မလေးရှား နိုင်ငံမှ ကယ်ဆယ်ရေးလေယာဉ် အကြိမ် (၃၀)တိုင် ပျံသန်းပြေးဆွဲနိုင်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်