ရန်ကုန် ဒီဇင်ဘာ ၂၉
ရန်ကုန်မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုနှုန်း လျှော့ချရေး စုပေါင်းအဖွဲ့မှ မြန်မာနိုင်ငံသို့ ပြည်ပနိုင်ငံများမှ လေကြောင်း ခရီးဖြင့် ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်ပညာရေး စီမံခန့်ခွဲမှုသင်တန်းကျောင်း၌ ဖွင့်လှစ်ထားသည့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးစင်တာတွင် ထားရှိ၍ RDT Test Kit ဖြင့် နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ်ယူပြီး ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊မရှိ ကျန်းမာရေး ဝန်ထမ်းများနှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့များက စစ်ဆေးဓာတ်ခွဲ အတည်ပြုခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။
ဓာတ်ခွဲအတည်ပြုပြီး ပိုးတွေ့ရှိသူများကို ပုလဲဆေးရုံကြီးတွင် ဖွင့်လှစ်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာသို့ ပို့ဆောင်ပြီး ပိုးမရှိသူများကို ထောက်ကြန့် ကိုဗစ်-၁၉ ရောဂါ
ထိန်းချုပ်ရေး စင်တာတွင် Quarantine ၁၀ ရက်ထားရှိ၍ ရက်ပြည့်ပါက မိသားစုများရှိရာသို့ ပို့ဆောင်ပေးမည်ဟု သိရသည်။
မလေးရှားနိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ ပြန်လည်ဝင်ရောက်လာသည့် ပြည်တော်ပြန် ၁၄၆ ဦးကို ဒီဇင်ဘာ ၂၉ ရက်တွင် Quarantine ၁၀ ရက်ပြည့်၍ မိသားစုများရှိရာ နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။
သန္တာ(ပြန်/ဆက်)