၁၂ ဇန်နဝါရီ

 

 

မလေးရှားဝန်ကြီးချုပ် မူဟစ်ဒင်ရတ်ဆင်က ကိုဗစ်-၁၉ ရောဂါကူးစက်မှု မြင့်မားလာခြင်းကို ထိန်းချုပ်ဟန့်တားရန် နိုင်ငံအတွင်း အရေးပေါ် အခြေအနေ ထုတ်ပြန်ကြေညာရန် ဘုရင်ဆူလ်တန်အဗ္ဗဒူလာ ဆူလ်တန် အာမက်က ခွင့်ပြုခဲ့ကြောင်း ယနေ့တွင် ပြောကြားခဲ့သည်။

 

 

ကိုဗစ်-၁၉ ရောဂါကူးစက်မှု မြင့်မားသည့် ဒေသများတွင် ချမှတ်ထားသည့် နိုင်ငံအရေးပေါ် အခြေအနေနှင့် ကန့်သတ်ချက်များနှင့် ရင်ဆိုင်နေရသည့် ပြည်သူများအား ဆက်လက်ပြီး အေးဆေးတည်ငြိမ်စွာ နေထိုင်ရန်လည်း ဘုရင်က အကြံပြုပြောကြားခဲ့သည်။

 

 

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ဟန့်တားရန် ကန့်သတ်ချက် အစီအမံများသည် ဇန်နဝါရီ ၁၃ ရက်နေ့မှစတင်ကာ သီတင်းပတ်နှစ်ပတ် ကြာမြင့်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

 

 

အဆိုပါ ကန့်သတ်ချက် အစီအမံများ ချမှတ်ထားရာ ဒေသများမှာ မြို့တော် ကွာလာလမ်ပူ၊ ပီနန်ပြည်နယ်၊ ဆလန်ဂေါ၊ မလက်ကာ၊ ဂျဟိုးနှင့် ဆာဘားပြည်နယ်တို့ဖြစ်ကြသည်။

 

 

ထိုကန့်သတ်ချက်များတွင် ဒေသခံများကို ကီလိုမီတာ  ၁၀ အတွင်းသာ သွားလာခွင့်ပြုခြင်း၊ စားသောက်ဆိုင်များတွင် ဆိုင်ထိုင်စားခွင့် မပြုခြင်းနှင့် ပွဲလမ်း အခမ်းအနားများ အားလုံးတွင်လူစုဝေးခြင်းကို တားမြစ်ခြင်းတို့ ပါဝင်သည်။

 

 

မလေးရှားတွင် နေ့စဉ်ကူးစက်မှုများ ထပ်မံမြင့်မားလာခြင်းနှင့် မကြာသေးမီ သီတင်းပတ်များက ပြည်နယ်အများအပြားတွင် ရေကြီးမှုများ ဖြစ်ပွားကာ ထောင်နှင့်ချီသော ပြည်သူများ နေအိမ်များမှ စွန့်ခွာထွက်ပြေးခဲ့ရသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

mdn