၂၉ ဇူလိုင်
မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇက်ဟာ 1MDB စီမံကိန်းမှာ အလွဲသုံးစားမှု ကျူးလွန်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့တဲ့အတွက် အင်္ဂါနေ့က ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခဲ့ကြောင်း သိရပါတယ်။
ဝန်ကြီးချုပ်ဟောင်း နာဂျစ်ဟာ စွဲချက် ၇ ခုလုံးမှာ ပြစ်မှုကျူးလွန်ခဲ့တဲ့အတွက် ထောင်ဒဏ်အပြင် မလေးရှား ရင်းဂစ် သန်း ၂၁၀ (အမေရိကန် ဒေါ်လာ သန်း ၅၀ ခန့်) ပေးဆောင်စေရန်ပါ အမိန့်ချမှတ်လိုက်တာ ဖြစ်ပါတယ်။
အသက် ၆၇ နှစ်အရွယ် ဝန်ကြီးချုပ်ဟောင်းဟာ တရားရုံးဆုံးဖြတ်ချက်ကို စိန်ခေါ်ထားပြီး အယူခံဝင်သွားမှာ ဖြစ်ပါတယ်။ အယူခံဝင်နေစဉ်မှာ နာဂျစ်ဟာ အာမခံနဲ့ ဆက်လက်လွတ်မြောက်နေမယ်လို့ သိရပါတယ်။
ရာဂျစ်ဟာ မလေးရှားနိုင်ငံရဲ့ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေ (1MDB) ထဲမှ အမေရိကန်ဒေါ်လာ ဘီလီယံပေါင်းများစွာကို ခိုးယူပြီး ဇိမ်ခံအိမ်ရာတွေကနေ တန်ဖိုးကြီးတဲ့ အနုပညာပစ္စည်းတွေအထိ ဝယ်ယူခဲ့ကြောင်း ပြောပါတယ်။
၂၀ဝ၉ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း မလေးရှားဝန်ကြီးချုပ်တာဝန်ကို ထမ်းဆောင်ခဲ့တဲ့ နာဂျစ်ဟာ 1MDB ရန်ပုံငွေထဲမှ အမေရိကန်ဒေါ်လာ ၉ ဒသမ ၉ သန်းအား သူပိုင်ဘဏ် အကောင့်ဆီကို လွှဲပြောင်းထားကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။
တရားရုံးကအထွက်မှာ ဝန်ကြီးချုပ်ဟောင်း နာဂျစ်က အခုဆုံးဖြတ်ချက်ကို သဘောမကျကြောင်း၊ ဒါက နောက်ဆုံးအဖြေတော့ မဟုတ်ကြောင်း၊ အယူခံဝင်နိုင်ကြောင်းနဲ့ အယူခံမှာ အနိုင်ရဖို့ မျှော်လင့်ကြောင်း သတင်းထောက်တွေကို ပြောပါတယ်။
MDN
ကိုးကား- AFP