မတ် ၄

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးကို လွန်ခဲ့သည့်နှစ်ပေါင်း ၇၀ ကျော်ကာလက စတင်ဖွဲ့စည်းတည်ထောင်ခဲ့ရာ ဒုတိယကမ္ဘာစစ်အပြီးကာလတွင် ဖြစ်သည့်အလျောက် အဖွဲ့ကြီး၏ ရည်ရွယ်ချက်များသည်လည်း တစ်ကမ္ဘာလုံးတွင်ငြိမ်းချမ်းရေးထိန်းသိမ်းရန်၊ နိုင်ငံအချင်းချင်း ရင်းနှီးချစ်ကြည်စွာ ပေါင်းသင်းဆက်ဆံမှုများ တိုးတက်ဖြစ်ပေါ်လာစေရန်၊ လူများ၏ နေထိုင်မှုအဆင့်အတန်း ပိုမိုကောင်းမွန်စေ၍ ဆင်းရဲခြင်း၊ ရောဂါများဖြစ်ပွားခြင်း၊ စာမတတ်ခြင်းတို့ ကမ္ဘာပေါ်မှ ပပျောက်စေရန်၊ လှူပတ်ဝန်းကျင်ပျက်စီးမှုရပ်တန့်စေရန်နှင့် လူအချင်းချင်း၏ ရပိုင်ခွင့်နှင့် လွတ်လပ်ခွင့်များကိုအပြန်အလှန်အရေးထား လေးစားရေးအတွက် အတူတကွပူးပေါင်း ဆောင်ရွက်ကြစေရန်၊ နိုင်ငံများအား ထိုရည်မှန်းချက်များ ပေါက်ရောက်စေရေးအတွက် ကူညီပံ့ပိုးသော ဗဟိုဌာနဖြစ်စေရန်ဟူ၍ ဖြစ်ခဲ့သည်။

ကုလသမဂ္ဂအဖွဲ့ကြီးကို တည်ထောင်ခဲ့သည့် မူလရည်ရွယ်ချက်များ၏ အနှစ်သာရမှာ အပြုသဘောဆောင်ခြင်း၊ အပြန်အလှန်လေးစားခြင်း၊ အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ကူညီပံ့ပိုးမှုပေးခြင်းတို့ကဲ့သို့သော အပေါင်းလက္ခဏာဆောင်သည့် သဘောများသာ ဖြစ်သည်ကိုတွေ့ရမည်ဖြစ်သည်။ ထို့အပြင် ကုလသမဂ္ဂအဖွဲ့ကြီး၏ အဓိကဦးတည်ချက်(၄) ရပ်တွင်လည်း “အပြည်ပြည်ဆိုင်ရာ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုနှင့် လူသားဆိုင်ရာ အခက်အခဲပြဿနာများကို ဖြေရှင်းရာ၌လည်းကောင်း၊ လှူအခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များကို လေးစားလိုက်နာရေးအား ဖွံ့ဖြိုးတိုးတက်စေရာတွင်လည်းကောင်း အတူတကွတွဲဖက်လုပ်ကိုင်ကြရန်” ဟူသည့်အချက်၊ “နိုင်ငံများအနေဖြင့် ဤပန်းတိုင်များကိုရရှိရေးအတွက်ဆောင်ရွက်ရာတွင် ညှိနှိုင်းရာ အချက်အချာဌာနဖြစ်စေ ရန်” ဟူသည့်အချက်များပါရှိရာ အုပ်စုဖွဲ့ဖိအားပေးခြင်း၊ ကုလသမဂ္ဂယန္တရားနှင့် ကုလသမဂ္ဂစနစ်တို့ကို လိုသလိုအသုံးချပြီး မိမိတို့နိုင်ငံရေး အကျိုးစီးပွားအတွက် အမြတ်ထုတ်ခြင်းကဲ့သို့သော လုပ်ရပ်မျိုးများနှင့်ဆန့်ကျင်စွာ အလှမ်းကွာဝေးလှသည်ကိုလည်း တွေ့ရမည်ဖြစ်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့က အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂလုံခြုံရေးကောင်စီခန်းမတွင် မြန်မာနိုင်ငံအခြေအနေ ခေါင်းစဉ်ဖြင့် တံခါးဖွင့်ရှင်းလင်းပွဲတစ်ရပ်ကို ကျင်းပခဲ့ရာ လုံခြုံရေးကောင်စီအဖွဲ့ဝင် နိုင်ငံအချို့က “မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေးအဖွဲ့” ၏ အစီရင်ခံစာကို ရည်ညွှန်းပြီး တာဝန်ခံမှုကိစ္စနှင့်ဆက်နွှယ်၍ ပြောကြားမှုများ ပြုလုပ်ခဲ့ကြခြင်းကြောင့် မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက တုံ့ပြန်ကန့်ကွက်ခဲ့ရသည့်အချက်များကို သတင်းများတွင် ဖတ်ရှုတွေ့မြင်ကြရပြီး ဖြစ်သည်။ လူ့အခွင့်အရေးကောင်စီသည် ၄င်း၏အခွင့်အာဏာကိုကျော်လွန်ကာ မြန်မာနိုင်ငံအပေါ် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ယန္တရားတစ်ရပ်တည်ထောင်ခြင်းအားဖြင့် လွတ်လပ်သော အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းတရားစီရင်ပိုင်ခွင့်ကို ထိပါးရာ ရောက်သော၊ မလိုမုန်းထားမှုဖြင့် ခွဲခြားဆက်ဆံရာရောက်သော၊ ယခင်က အစဉ်အလာမရှိခဲ့သော လုပ်ရပ်ကိုပြုလုပ်ခဲ့သည်။ လူ့အခွင့်အရေးကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေးအဖွဲ့၏ အစီရင်ခံစာသည်လည်း သမာသမတ်မရှိ၊ တစ်ဖက်သတ်ကျ၊ ဘက်လိုက်သော အချက်အလက်များ သက်သက်ကိုသာ ဖော်ပြထားပြီး မြန်မာနိုင်ငံနှင့် နိုင်ငံ့ခေါင်းဆောင်များ၏ ပုံရိပ်ကို အဆုံးစွန်အထိ ထိခိုက်စေရန် ရည်ရွယ်လှုံ့ဆော်မှုသက်သက်သာဖြစ်ခဲ့သည်။

စင်စစ်အားဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိဒေသအနည်းငယ်တွင်သာ ဖြစ်ပေါ်ခဲ့သော ဖြစ်စဉ်သည် ဗြိတိသျှနယ်ချဲ့ကိုလိုနီခေတ်က စတင်ခဲ့သည့် နယ်စပ်ဖြတ်ကျော်တရားမဝင်အခြေချမှုကို အခြေပြု၍ ဖြစ်ပေါ်လာခဲ့ရသော ကာလရှည်ကြာ ပြဿနာတစ်ခုဖြစ်ပြီး ဘာသာရေးဆိုင်ရာ ပဋိပက္ခ၊ ဖိနှိပ်မှုလုံးဝ မဟုတ်ပါပေ။ နိုင်ငံတကာက အထင်မှား၊ အမြင်မှားနေသကဲ့သို့ ကမ္ဘာ့မီဒီယာများက ပုံဖော်ရေးသားနေသကဲ့သို့မဟုတ်ကြောင်းကိုလည်း သမိုင်းကြောင်းနောက်ခံနှင့် ဖြစ်ရပ်မှန်များကိုအချက်အလက်မှန်ကန် ပြည့်စုံစွာရရှိအောင် စေ့စေ့စပ်စပ်စုံစမ်းလေ့လာ သူတိုင်းက သိရှိထားကြပြီးလည်းဖြစ်သည်။ ကိုယ်ပိုင်နိုင်ငံရေးအာဂျင်ဒါများဖြင့် တစ်ဖက်သတ်ပြုမူနေသရွေ့၊ လူက ခွေးကိုကိုက်မှသာ သတင်းဖြစ်သည်ဟူသော အယူအစွဲဖြင့် သတင်းများကို ဖန်တီးနေသေးသရွေ့ ၊ လက်ခံယုံကြည်နေသေးသရွေ့၊ ဖြစ်ရပ်မှန်တို့က အသံတိုးတိမ်နေဦးမည်၊ အဖြေမှန်နှင့် ဝေးကွာနေဦးမည်ဖြစ်သည်။ ။

မြန်မာ့အလင်း