မလှိုင် ၁၈ ဇူလိုင်
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် ၊နှောကန်တိုက်နယ်ရှိ ကျေးရွာအုပ်စု(၁၃)အုပ်စုတွင် ၂ဝ၁၈-၂ဝ၁၉ ခုနှစ် မိုးဦးကာလ၌ ထူးကဲစွာမိုးခေါင်ခဲ့သဖြင့် မိုးသီးနှံဖြစ်သော နှမ်းစိုက်ခင်းများ ပျက်စီးသွားသည့် အတွက် နှမ်းပျက်တောင်သူများကို နိုင်ငံတော်မှ ထောက်ပံ့ကြေးငွေ ပေးအပ်ပွဲကို ဇူလိုင်၁၇ ရက် မွန်းတည့် ၁၂ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိ ရသည် ။
ပေးအပ်ပွဲတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးချစ်မင်းသိန်းက အမှာစကားပြောကြားခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးက ထောက်ပံ့ငွေပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်မျိုးစေ့တာဝန်ခံ ဒေါ်စန္ဒာထွန်းက ပြောင်းလဲလာသော ရာသီဉတု နှင့် အညီ စိုက်ပျိုးနည်းစနစ်များ ပြောင်းလဲစိုက်ပျိုးကြဖို့ တောင်သူများအား မှာကြားခဲ့သည် ။
မလှိုင်မြို့နယ် နှောကန်ရှေ့တန်းနယ်မြေတွင် မိုးဦးကလ ကထူးကဲစွာ မိုးခေါင်ခဲ့သဖြင့် သက္ကယ်ကျင်း၊ ပျော်ဘွယ် ၊နှောကန် ၊အိမ်ကြီးတော ၊သရက်ကောင်းပင် ၊ သုံးတောင် ၊ညောင်အုပ် ၊လက်စွေ့ ၊မြောက်လည် ၊ ဘောက်ခွေးတော၊ ကျွဲခြံ ၊သပြေပင် ၊ ဝမ္ဘဲလူး ၊ စသည့် ကျေးရွာ အုပ်စု (၁၃ )အုပ်စုမှ တောင်သူ(၇၃၂၃ )ဦး ၊ ဦးပိုင်ပေါင်း(၁၀၇၅၈) ၏ နှမ်းသီးနှံစိုက် ဧက(၁၉၄၇၈ ဒသမ ၁၂ )ပျက်စီးခြင်း ဖြစ်ပေါ်ခဲ့သည်။
အဆိုပါ နှမ်းပျက် တောင်သူများကို နိုင်ငံတော်မှ တစ်ဧကလျှင်ငွေကျပ်(၅၀၀၀) နှုန်းဖြင့် ထောက်ပံ့ကြေးငွေ စုစုပေါင်း ငွေကျပ် ( ၉၇၃၉ဝ၆ဝဝ) ကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ၊ မိတ္ထီလာခရိုင် စိုက်ပျိုးရေးဦးစီး ဌာန၊ မျိုးစေ့ တာဝန်ခံဒေါ်စန္ဒာထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်နိုင် ၊ စိုက်ပျိုးရေးဦးစီးဌာန ၊ မြို့နယ်ဦးစီးမှူးဦးစန်းယု ၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး၊ သစ်တော ဦးစီးမှူး၊ ဆည်မြောင်း ဦးစီးမှူးနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စိုက်ပျိုးရေးနှင့် မြေစာရင်းတို့မှ ကွင်းတာဝန်ခံများထံ ပေးအပ်ခဲ့ပြီး ၎င်းတို့မှတစ်ဆင့် တောင်သူများထံ ဆက်လက်ပေးအပ် သွားမည်ဖြစ်ကြောင်း သိရသည် ။
အောင်ဌေး(မလှိုင်)