မလှိုင် ၈ ဒီဇင်ဘာ
မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့နယ် သြဇာခြံကျေးရွာတွင် ဒီဇင်ဘာ ၇ ရက် နံနက်ပိုင်းတွင် တစ်နိုင်ငံလုံးရှိ အိမ်ထောင်စု (၅၀)ရာခိုင်နှုန်း မီးလင်းနိုင်ခြင်းကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အိမ်သုံးမီတာ (၃၅)လုံး တပ်ဆင်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အိမ်သုံးမီတာများ တပ်ဆင်ပေးခြင်းကို မလှိုင်မြို့နယ် လျှပ်စစ်မန်နေဂျာရုံးမှ မြို့နယ် လက်ထောက်မန်နေဂျာ (အင်/ယာ) ဦးကျော်စိုးဝင်း ဦးစီးသော လျှပ်စစ်ဝန်ထမ်း(၁၅)ဦးတို့မှ သြဇာခြံကျေးရွာရှိ ဒေသခံများ လျှပ်စစ်မီးသုံးစွဲနိုင်ရန် အိမ်သုံးမီတာများ တပ်ဆင်ပေးခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြပြီး အိမ်သုံးမီတာ (၃၅)လုံး တပ်ဆင်ပေးခဲ့ကြသည်။ ထို့နောက် လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရန် အသိပညာပေး ဟောပြောကာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြကြောင်း မလှိုင်မြို့နယ် လျှပ်စစ်မန်နေဂျာရုံးမှ သိရသည်။

လာမည့်ဒီဇင်ဘာ ၁၂ ရက်နှင့် ၁၃ ရက်တို့၌ မြန်မာတစ်နိုင်ငံလုံး အိမ်ထောင်စုများ၏ ၅၀ ရာခိုင်နှုန်း ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားပေးနိုင်ခြင်း အထိမ်းအမှတ် အခမ်းအနားများကို နေပြည်တော်ရှိ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတွင်လည်းကောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတွင် လည်းကောင်း စည်ကားသိုက်မြိုက်စွာ ကျင်းပရန် စီစဉ်ထားကြောင်းလည်း သိရသည်။
ဘိုဘို (မလှိုင်)