မလှိုင် ၃၁ သြဂုတ်
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် သပြေပင်ကျေးရွာတွင် တောင်သူ(၃၈) ဦးဖြင့် ပူးပေါင်းဆောင်ရွက်ထားသော မိုးနှောင်း ချည်မျှင်ရှည်ဝါ အထူးဇုန် ဧက(၁ဝဝ) စိုက်ခင်းသို့ သြဂုတ် ၃ဝ ရက်က မြို့ပေါ်ရှိ ဝါလုပ်ငန်ရှင်များ၊ အထူးဇုန် ဧက(၁ဝဝ)မှ တောင်သူများ၊ စိုက်ပျိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူများ ကွင်းဆင်းတွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုသို့ တွေ့ဆုံရာတွင် စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ထွန်းမြင့်က မြန်မာနိုင်ငံတွင် ရှေးယခင် ကထဲက ဝါကို စိုက်ပျိုးထုတ်လုပ်ခဲ့ပြီး ကုန်ချောအဖြစ် ချည်ထည်အဆင့်မျှသာ ထုတ်လုပ်နိုင်ခဲ့၍ နိုင်ငံခြားမှ အဝတ်အထည်များ မှာယူတင်သွင်းခဲ့ရကြောင်း၊ ယခုအခါ စိုက်ပျိုးရေးဦးစီးဌာနမှ ဝါမျိုးကောင်း မျိုးသန့်များကို ထုတ်လုပ်ပေးလျက်ရှိကြောင်း၊ ကုန်သည်များနှင ပူးပေါင်း၍ ကုန်ချောထုတ်လုပ်နိုင်သည်အထိ ဆောင်ရွက်ကြစေလိုကြောင်း၊ ဝါစိုက်ပျိုးရေးတွင် အဓိက အရေးကြီးသည့် မျိုးကောင်း မျိုးသန့် သုံးစွဲရေးနှင့် စိုက်ပျိုးနည်းစနစ် မှန်ကန်ရေးသည် အရေးကြီးကြောင်း ဆွေးနွေး ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဒုတိယဦးစီးမှူး ဒေါ်လွင်လွင်ထွန်းက တောင်သူများအနေဖြင့် မျိုးကောင်းမျိုးသန့်ကိုသာ သုံးစွဲစေလိုကြောင်း၊ မျိုးကောင်းမျိုးသန့် တစ်ခုဖြစ်ပေါ်ရန် (၁ဝ)နှစ်ခန့် ကြာကြောင်း၊ ဝါသီးနှံအနေဖြင့် မျိုးသန့်ပြန့်ပွားရန် လုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်ပါက တောင်သူများအနေဖြင့် အလွယ်တကူ ရရှိနိုင်ပြီး အထွက်နှုန်းလည်း တိုးတက် လာမှာဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
အခမ်းအနားတွင် မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးစန်းယုက အစုအဖွဲ့အလိုက် တာဝန်ယူမူနှင့် အထူးဇုန် တာဝန်ယူရသည့် စိုက်ပျိုးရေး ဝန်ထမ်းများက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာသော တောင်သူ များနှင့် လုပ်ငန်းရှင်ကြီးများ၏ သိလိုသည့် မေးမြန်းချက်များကို တာဝန်ရှိသူများက ပြန်လည်ဆွေးနွေး ဖြေကြားခဲ့ကြောင်း သိရသည် ။
အောင်ဌေး (မလှိုင်)
