မိတ္ထီလာ ၁၁ အောက်တိုဘာ
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် မြို့နယ်အတွင်းရှိ ကျေးရွာအားလုံး ၁၀၀ ရာခိုင်နှုန်း လျှပ်စစ်မီးလင်းတော့မည်ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ သိရသည်။
မလှိုင်မြို့နယ်တွင် ကျေးရွာ ၂၄၇ ရွာရှိသည့်အနက် ၂၀၁၈-၂၀၁၉ဘဏ္ဍာရေးနှစ်တွင် ကျေးရွာ ၁၆၆ ရွာ လျှပ်စစ်မီးလင်းနိုင်ခဲ့ပြီးဖြစ်ရာ မြို့နယ်အတွင်း လျှပ်စစ်မီးလင်းရန် ကျန်ရှိသော ကျေးရွာ ၈၁ ရွာရှိသည့် အနက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ကျေးရွာ (၂၀)၊ အလှူရှင်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့တို့ပူးပေါင်း၍ ကျေးရွာ(၁၈)ရွာ၊ တိုင်းဒေသကြီးဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ကျေးရွာ (၉)ရွာ ၊ တိုင်းဒေသကြီး ပိုလျှံရန်ပုံငွေဖြင့် ကျေးရွာ(၁၃)ရွာတို့ကို လျှပ်စစ်မီးလင်းနိုင်ရန် ဧပြီလမှ စတင်၍ တင်ဒါ အောင်မြင်သည့် ကန်တော်ကြီး ကုမ္ပဏီ၊ Tower Battry ကုမ္ပဏီနှင့် Well done ကုမ္ပဏီများက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
ယင်းသို့ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာမှ ကျေးရွာ ၆၀ မှာ တည်ဆောက်ခြင်းလုပ်ငန်းများ ပြီးစီးပြီဖြစ်၍ ၎င်းကျေးရွာများ လျှပ်စစ်မီးလင်းနိုင်ရေး ခရိုင်လျှပ်စစ်မန်နေရုံး၏ ကြီးကြပ်မှုဖြင့် စီတီမီတာများဖြင့် ကျေးရွာ(၃၃)ရွာ လျှပ်စစ် မီးလင်းနိုင်ခဲ့ပြီးဖြစ် သည်။ ၎င်းအပြင် လျှပ်စစ်မီးလင်းရန် ကျန်ရှိသော ကျေးရွာ (၂၇)ရွာတွင်လည်း ကျေးရွာတွင်းလမ်း (၄၀၀)ဗို့အားလိုင်းများ တည်ဆောက်ဆဲဖြစ်၍ အဆိုပါကျေးရွာများ လျှပ်စစ်မီးအမြန်ဆုံး မီးလင်းနိုင်ရေး သက်ဆိုင်ရာ ကျေးရွာမီးလင်းရေး ကော်မတီများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
ယင်းသို့ ကျေးရွာများလျှပ်စစ်မီးလင်းနိုင်ရေးဆောင်ရွက်လျက်ရှိရာမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် မလှိုင်မြို့နယ်အနေဖြင့် ကျေးရွာ (၂၁၈)ရွာမီးလင်းနိုင်မည်ဖြစ်ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် မြို့နယ် အတွင်းရှိ လျှပ်စစ်မီးလင်းရန် ကျန်ရှိသော ကျေးရွာများ မီးလင်းနိုင်ရေး လျာထားပြီးဖြစ်၍ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် မြို့နယ်အတွင်းရှိ ကျေးရွာအားလုံး(၁၀၀) ရာခိုင်နှုန်း လျှပ်စစ်မီးလင်းသွားနိုင်တော့ မည်ဖြစ်ကြောင်း မလှိုင်မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ လက်ထောက်မန်နေဂျာ ဦးကျော်စိုးဝင်း(အင်ဂျင်နီယာ) က ပြောပြ၍ သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)


