မလှိုင် အောက်တိုဘာ ၁၀
မလှိုင်မြို့နယ်တွင် အသက်(၁၂)နှစ် ပြည့်ပြီးသူ အထက်တန်း၊ အလယ်တန်းအဆင့် ကျောင်းသား/သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီ ရေထွက်ကျေးရွာအုပ်စု၊ ရေထွက်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း၌ ကာကွယ်ဆေးထိုးလာသူ မိဘပြည်သူများထံ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် ကျောင်းသား/သူ၊ ဆရာ/မ၊ ရုံးဝန်ထမ်းများအတွက် ပါးစပ်နှာခေါင်းစည်း(Mask) များလိုအပ်ပါက ပံ့ပိုးနိုင်ရေး၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်တားဆီးရေးလမ်းညွှန်ချက်များနှင့်အညီ ကျောင်းနှင့် စာသင်ခန်းများ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရန်နှင့် လမ်းညွှန်ချက်များအား အလေးထား လိုက်နာရေး ၊ ကျောင်းအုပ်ကြီးများ ကြိုတင်ဆောင်ရွက်ထားရမည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနှင့် ပတ်သက်သည့် အသိပေးနှိုးဆော်ချက်(၁၃)ချက်ပါ လက်ကမ်းစာစောင်အစောင်ရေ(၁၀၀၀)ကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် တာဝန်ရှိသူများက ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ လက်ကမ်းစာစောင်များကို ရေထွက်ကျေးရွာသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးလာရောက် ထိုးနှံ သူများနှင့် ကျောင်းသားမိဘများကို ဖြန့်ဝေပေးခဲ့ခြင်းဖြစ်သည်။
မလှိုင်မြို့နယ်တွင် အထက်တန်း(၈)ကျောင်း၊ အထကခွဲ (၂၃)ကျောင်း၊ အလကကျောင်း(၁၄)ကျောင်း၊ အလကခွဲ (၆)ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၉)ကျောင်း၊ ဘုန်းတော်ကြီး သင်ပညာရေးကျောင်း (၁) ကျောင်းရှိပြီး အသက်(၁၂) နှစ်ပြည့်ပြီးသူ အထက်တန်းဆင့် ကျောင်းသားကျောင်းသူ (၁၄၃၆)ဦး၊ အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူ (၅၃၅၄) စုစုပေါင်း (၆၇၉၀) ဦး အား Sinovac အမျိုးအစား ကာကွယ်ဆေးထိုးနှံနိုင်ရေး ပြင်ဆင် ဆောင်ရွက်လျက်ရှိပါကြောင်း မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်ထံမှ သိရှိရသည်။
ကျောင်းသား/သူများကို ကျောင်းနေအရွယ် ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေရန် ရည်ရွယ်၍ အောက်တိုဘာ ၁၂ ရက်နေ့မှ စတင်ပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အောင်ဌေး(မလှိုင်)