မလှိုင်မြို့နယ်တွင် ကြက်သွန်စိုက်တောင်သူများ ယခင်နှစ်ထက် ပိုမိုလာ၍ ကြက်သွန်ဈေး ကောင်းရရန် တောင်သူများ မျှော်လင့်နေ

မလှိုင် ၁  ဇန်နဝါရီ 

 

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်တွင် ကြက်သွန်စိုက်တောင်သူများ ယခင်နှစ်ထက် ပိုမိုလာ၍ ကြက်သွန်ဈေးကောင်းရရန် မျှော်လင့်နေကြောင်း သိရသည်။

 

ကြက်သွန်စိုက်ပျိုးရေးကို အများအားဖြင့် တော်သလင်းလတွင် စိုက်ပျိုးလေ့ရှိပြီး ပျိုးထောင်ချိန်တွင် တစ်ရက်လျင် နှစ်ကြိမ်ရေဖြန်းပေရကာ အချိန်တစ်လခွဲခန့် ပျိုးထောင်ရကြောင်း/ ပျိုးသက်ပြည့်၍ စိုက်ပျိုးချိန်တွင်လည်း လယ်မြေများတွင် တစ်လရှစ်ကြိမ်ခန့် ရေသွင်းပေးရပြီး မြေနုသဲကျွန်းတွင် တစ်လ ၁၅ ကြိမ်ခန့်အထိ  ရေသွင်းပေးရကြောင်းနှင့် ယခင်နှစ်များ၌ ပျိုးဈေးမှာ ၆၀၀၀၀ ကျပ် ဝန်းကျင်ခန့်သာ ရှိခဲ့ပြီးယခုနှစ်တွင် ၈၀၀၀၀ ကျပ်မှ တစ်သိန်းကျပ်အထိ ရောက်ရှိနေကာ ပျိုးဈေးမြင့်တတ်လာခြင်းကြောင့် ပျိုးဝယ်ယူစိုက်ပျိုးရသူများမှာ ပိုမိုအရင်းအနှီးများကြောင်း မလှိုင်မြို့နယ် လယ်ကြီးကျေးရွာရှိ ကြက်သွန်စိုက်တောင်သူ တစ်ဦးထံမှ သိရသည်။

 

ကြက်သွန်စိုက်ပျိုးရာတွင် စက်ဆီဈေး အလုပ်သမားခနှင့် ပိုးသတ်ဆေး အစရှိသည့် ကုန်ကျစရိတ်များ ရှိနေပြီး မိမိတို့ရွာတွင် အလုပ်သမား ရှားပါး၍ ဘေးရွာများရှိ အလုပ်သမားများအား ကားအကြိုအပို့ စီစဉ်ပေးရသည်ထိ အခက်အခဲနှင့် ကုန်ကျစရိတ် ရှိကြောင်း၊ ယခု မြိတ်စား ကြက်သွန်များ စတင်ထွက်ပေါ်နေကာ လက်ရှိတွင် မြိတ်စား ကြက်သွန် တစ်ပိဿာလျင် ၆၀၀ ကျပ်ဝန်းကျင် ရောင်းချနေရပြီး ယခင်နှစ်က ယခုလိုအချိန်တွင် ၁၀၀၀ ကျပ်အထက် ရောင်းချခဲ့ရကြောင်း၊ 

 

ယခင်နှစ်များ၌ ကြက်သွန် ဖြိုင်ချိန်မှစ၍ ရာသီကုန်အထိ တစ်ပိဿာလျင် ကျပ်  ၁၅၀၀ ဝန်းကျင် အထိ ရောင်းချရမှုမှာ အချိန် ၁၅ ရက်ခန့်မျှသာ ကြာမြင့်ခဲ့ပြီး ရာသီကုန်အထိ  ကျန်အချိန်များ၌ ၅၀၀ ကျပ် နှင့် ၈၀၀ ကျပ်ဝန်းကျင်အထိသာ  ရောင်းချခဲ့ရကြောင်း၊ 

 

တောင်သူများမှာ ယခင်နှစ်က ပဲစင်းငုံ ကဲ့သို့သော သီးနှံများပေါ်တွင် များစွာအရှုံးပေါ်ခဲ့၍ ယခုနှစ်တွင် ကြက်သွန်စိုက်ပျိုးခြင်းပေါ်တွင် များစွာအားစိုက်ခဲ့ကြောင်း၊ ယခုနှစ်တွင် ကြက်သွန်စိုက်ပျိုးသူမှာ ယခင်နှစ်ထက် ပိုမိုများလာသောကြောင့် ကြက်သွန်ဖြိုင်ချိန်တွင် ကြက်သွန်ဈေး ကျဆင်းမည်ကို စိုးရိမ်နေပြီး ကြက်သွန် တစ်ပိယာလျင် ၇၀၀ ကျပ်ဝန်းကျင်ရရှိမှသာ ကြက်သွန်စိုက် တောင်သူများ အနေဖြင့် အဆင်ပြေမည်ဖြစ်၍ ကြက်သွန်ဈေးကောင်းရရှိရန် မျှော်လင့်နေကြောင်း လယ်ကြီးရွာနေ ကြက်သွန်စိုက်တောင်သူ ဦးအောင်စိုးထံမှ သိရသည်။

 

မလှိုင်မြို့၌ ယခင်နှစ်တွင် မြို့နယ်လုံးကျွတ် ကြက်သွန်စိုက်ဧက ၃၅၀၀ ဝန်းကျင်ရှိပြီး ယခုနှစ်တွင် ကြက်သွန်စိုက်ဧက ၄၀၀၀ ဝန်းကျင်ခန့်အထိ ရှိနေကာ ကြက်သွန်စိုက် ဧက ၅၀၀ ခန့် တိုးလာကြောင်း မလှိုင်မြို့နယ် စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

ဘိုဘို(မလှိုင်)